ပြင်သစ်ကလပ် နိုက်စ်အသင်းကို ကက်စပါရှမိုက်ကယ် ပြောင်းရွှေ့
ဒိန်းမတ်ဂိုးသမား ကက်စပါရှမိုက်ကယ်ဟာ ၁၁ နှစ်ကြာ ကစားခဲ့တဲ့ လက်စတာအသင်းကနေ ထွက်ခွာပြီး ပြင်သစ်ကလပ် နိုက်စ်အသင်းကိုပြောင်းရွှေ့ခဲ့ပါတယ်။ အသက် ၃၅ နှစ်အရွယ် ရှမိုက်ကယ်ဟာ လက်စတာ အသင်းနဲ့အတူ ၄၇၉ ပွဲအထိ ပါဝင်ကစားခဲ့သလို ပရီးမီးယားလိဂ်၊ အက်ဖ်အေဖလားနဲ့ ကွန်မြူနတီဒိုင်း ချန်ပီယံ ဆုတွေကိုရရှိခဲ့သူပါ။ နိုက်စ်အသင်းအနေနဲ့ အစောပိုင်းကလည်း ဂျူဗင်တပ်နဲ့ စာချုပ်ဖျက်သိမ်းခဲ့တဲ့ ဝေးလ်ကွင်း လယ်လူ ရမ်ဆေးကို ခေါ်ယူနိုင်ခဲ့သေးတာဖြစ်ပါတယ်။ နည်းပြဘရန်ဒန်ရော်ဂျာရဲ့ လက်စတာအသင်းကတော့ ဘဏ္ဍာရေးအခြေအနေကြောင့် ဥရောပထိပ်တန်းလိဂ် ၅ ခုမှာ ရာသီသစ်အတွက် ကစားသမားသစ် မခေါ်နိုင် သေးတဲ့ တစ်သင်းတည်းသောအသင်းအဖြစ် ရပ်တည်နေရတာပါ။ မန်စီးတီးအသင်းနဲ့ ကစားသမားဘဝ စတင်ခဲ့တဲ့ ရှမိုက်ကယ်ဟာ ကလပ်ပွဲပေါင်း ၆၅၁ ပွဲ ကစားထားသလို ဒိန်းမတ်လက်ရွေးစင်အဖြစ်လည်း ၈၄ ပွဲ ပါဝင်ခွင့်ရထား ပါတယ်။