စတီယာရင်မပါသည့် မောင်းသူမဲ့ကားသစ် Baidu ကုမ္ပဏီ ထုတ်ဖော်ကြေညာ
တရုတ် နည်းပညာကုမ္ပဏီကြီးဖြစ်တဲ့ Baidu ဟာ သူ့ရဲ့အလိုအလျောက်မောင်းနှင်တဲ့ တက္ကစီဝန်ဆောင်မှုဖြစ်တဲ့ Apollo Go မှာ ပါဝင်မယ့် မျိုးဆက်သစ် မောင်းသူမဲ့ကားကို ထုတ်ဖော်ကြေညာလိုက်ပါတယ်။
Apollo RT6 လို့ အမည်ပေးထားတဲ့ အဲဒီမောင်းသူမဲ့ ကားဟာ နှစ်ပေါင်း ၂၀ လောက် အတွေ့အကြုံရှိတဲ့ ဒရိုင်ဘာတစ်ဦးလို ကျွမ်းကျင်မှုရှိတယ်လို့ ကုမ္ပဏီကဆိုပါတယ်။ လက်ရှိအချိန်မှာတော့ တရုတ်နိုင်ငံမှာ သတ်မှတ်ထားတဲ့ စည်းမျဉ်းတွေအရ မောင်းသူမဲ့ကားတွေ ဘေးကင်းလုံခြုံရေးအတွက် ယာဉ်မောင်းတွေလိုက်ပါဖို့ လိုအပ်နေပါတယ်။
ဒီကားမှာပါဝင်တဲ့ စတီယာရင်ဟာ အဖြုတ်အတပ်ပြုလုပ်နိုင်ပြီး သူ့နေရာမှာ ဂိမ်းစက်တွေ၊ ဖျော်ဖြေရေးလိုမျိုးစက်တွေ အထိုင်ချတပ်ဆင်နိုင်မှာဖြစ်ပြီး ထုတ်လုပ်မှု ကုန်ကျစရိတ်အနေနဲ့ စတာလင်ပေါင် ၃၁၀၀၀ သာကုန်ကျလို့ ယခင်မော်ဒယ်တွေထက် သိသိသာသာ စရိတ်သက်သာတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။ ဒီလို ကုန်ကျစရိတ်သက်သာတာကြောင့် တရုတ်နိုင်ငံတစ်ဝန်းမှာ အလိုအလျောက်မောင်းနှင်နိုင်တဲ့ မော်တော်ကားတွေ ပိုမိုတွင်ကျယ်စွာ ဖြန့်ကြက်လာနိုင်မယ်လို့ ကုမ္ပဏီပူးတွဲတည်ထောင်သူနဲ့ အမှုဆောင် အရာရှိချုပ် ရော်ဘင်လီက ပြောပါတယ်။
Apollo RT6 မောင်းသူမဲ့ ကားသစ်မှာ ရေဒါစနစ်၊ ကင်မရာစနစ်အပါအဝင် အာရုံခံကိရိယာ ၃၈ ခု ပါဝင်ပြီး ၂၀၂၃ ခုနှစ် ဒုတိယနှစ်ဝက်ကစတင်ပြီး ဝန်ဆောင်မှုပေးဖို့ စီစဉ်ထားကာ အစီးရေတစ်သိန်းအထိ ရည်မှန်းထားတယ်လို့ Baidu က ဆိုပါတယ်။