ရုရှားသမ္မတ ပူတင် တီဟီရန်သို့လည်ပတ်ပြီး အီရန်ခေါင်းဆောင်နဲ့တွေ့ဆုံဆွေးနွေး
ဖေဖော်ဝါရီ ၂၄ မှာ ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက် သူ့ရဲ့ ပထမဆုံး နိုင်ငံရပ်ခြားခရီးစဉ်မှာ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က တီဟီရန်မြို့မှာ အီရန်ထိပ်သီးခေါင်းဆောင် အယာတိုလာအလီခါမေနီနဲ့ တွေ့ဆုံဆွေးနွေးခဲ့ ပါတယ်။ တီဟီရန်မြို့မှာရောက်ရှိနေချိန်မှာပဲ မစ္စတာ ပူတင်က နေတိုးအဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်တဲ့ တူရကီသမ္မတတေရစ်အာဒိုဂန်နဲ့ တွေ့ဆုံပြီး ယူကရိန်း နှံစားသီးနှံများ ပင်လယ်နက်မှတစ်ဆင့် နိုင်ငံခြားတင်ပို့ရေးနဲ့ ဆီးရီးယားနိုင်ငံမြောက်ပိုင်း အရေးတွေနဲ့ပတ်သက်ပြီး ဆွေးနွေးခဲ့ပါတယ်။
အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်က အစ္စရေး နဲ့ ဆော်ဒီအာရေးဗီးယားကိုလည်ပတ်ပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပေါ်လာတဲ့ မစ္စတာ ပူတင်ရဲ့ ခရီးစဉ်က အနောက်တိုင်းရဲ့ တားဆီးပိတ်ဆို့မှုတွေနဲ့ ထိပ်တိုက်တွေ့နေချိန်မှာ အီရန် ၊ တရုတ် ၊ အိန္ဒိယတို့နဲ့ မဟာဗျူဟာဆက်ဆံရေး ထူထောင်သွားမယ့် မော်စကိုရဲ့ အစီအစဉ်ကို အနောက်တိုင်းအား သတင်းစကားပါးလိုက်တာပဲ ဖြစ်ပါတယ်။
အီရန်နဲ့ ရုရှား နိုင်ငံကြား ရေရှည်ဆက်ဆံရေးထားရှိဖို့ အီရန်ခေါင်းဆောင် ခါမေနီက တိုက်တွန်းပြီး မိမိတို့ နှစ်နိုင်ငံအနေနဲ့ အနောက်တိုင်းရဲ့ လှည့်ဖြားမှုကို နိုးနိုးကြားကြား ရှိနေသင့်တယ်လို့ ပြောကြားခဲ့ကြောင်း အီရန်အစိုးရရုပ်သံကဖော်ပြပါတယ်။ ယူကရိန်းစစ်ပွဲနဲ့ ပတ်သက်လို့လည်း အကယ်၍သာ ပူတင်ကစစ်ပွဲကို အစမပြုခဲ့ရင်လည်း အနောက်တိုင်းက အကြောင်းရှာပြီး စစ်ပွဲစတင်သွားမှာသာဖြစ်ကြောင်း အယာတိုလာ ခါမေနီက ပူတင်ကိုပြောကြားပါတယ်။
ပူတင်ရဲ့ တီဟီရန် ခရီးစဉ်ကနေပြီး ယူကရိန်းကို ကျူးကျော်ပြီးနောက်မှာ ရုရှား ဘယ်လောက် အထီးကျန်သွားတယ်ဆိုတာကို ပြသနေတယ်လို့ ဝါရှင်တန်ကပြောကြားပါတယ်။ မစ္စတာ ပူတင် ၊ တူရကီသမ္မတ အာဒိုဂန်နဲ့ အီရန်သမ္မတ အီဘရာဟင်ရိုင်ဆီတို့က ဆီးရီးယားမြောက်ပိုင်းမှာ တိုက်ခိုက်မှုတွေ လျှော့ချရေးကို သုံးပွင့်ဆိုင်ဆွေးနွေးခဲ့ကြပြီး ဆယ်နှစ်ကြာ ပဋိပက္ခဖြစ်ခဲ့တဲ့ နိုင်ငံမှာ ပုံမှန်အခြေအနေ ပြန်ဖြစ်ရေးကို ကြိုပမ်းသွားကြဖို့ ကတိပြုခဲ့ကြပါတယ်။ -Ref:Reuters