စပိန်နွားရိုင်းပွဲတော် ပြန်လည်ကျင်းပ

စပိန်နိုင်ငံ၊ ပန်ပလိုနာမြို့မှာ နှစ်စဉ်ကျင်းပနေကျဖြစ်တဲ့ နွားရိုင်းပွဲတော်ကို ဗုဒ္ဓဟူးနေ့က  မီးရှုးမီးပန်းတွေ ပစ်ဖောက်ပြီး စတင်ခဲ့ပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် ၂ နှစ်ကြာရပ်ဆိုင်းထားတဲ့ စပိန်ရိုးရာနွားရိုင်းပွဲကို ပြန်လည်ကျင်းပရာမှာတော့ လူပေါင်းထောင်နဲ့ချီပြီး ပါဝင်ဆင်နွဲခဲ့ကြပါတယ်။

မီးရှုးမီးပန်းဖောက်ပြီးပြီးချင်းမှာပဲ ပွဲတော်ကိုလာရောက်တဲ့ပရိသတ်တွေဟာ တစ်ယောက်နဲ့ တစ်ယောက် အနီရောင်ဝိုင်တွေ ပက်ဖြန်းခဲ့ကြပါတယ်။  နွားရိုင်းပွဲမှာ ပါဝင်သူတွေဟာ အနီရောင်အင်္ကျီ ၊ လက်ကိုင်ပဝါအနီတွေ ဝတ်ဆင်ကိုင်ဆောင်ပြီး မြို့ရဲ့ လမ်းကျဉ်းတစ်လျှောက်မှာ ပြေးလွှားပြီး နွားရိုင်းမောင်းခဲ့ကြပါတယ်။

မြို့အာဏာပိုင်တွေက ပွဲတော်လာပရိသတ်တွေအနေနဲ့ ကိုဗစ်ကပ်ရှိနေဆဲဖြစ်တာကြောင့် မက်စ်တပ်ဆင်ဖို့ကိုလည်း တိုက်တွန်းထားပါတယ်။