မန်ယူမှ ထွက်ခွာချင်နေတယ်လို့ ရော်နယ်ဒို ပြော

မန်ယူတိုက်စစ်မှူး ရော်နယ်ဒို က ချန်ပီယံလိဂ်မှာ ကစားချင်နေတာကြောင့် ဒီနွေရာသီမှာပဲ အသင်းက ထွက်ခွာချင်ကြောင်း မန်ယူအသင်းကို ပြောကြားထားတယ်လို့ သည်တိုင်းစ် သတင်းစာက ဖော်ပြပါတယ်။

မန်နေဂျာသစ် တန်ဟက် က ပေါ်တူဂီ လက်ရွေးစင် တိုက်စစ်မှူးက သူ့ရဲ့ အစီအစဉ်တွေထဲမှာ ပါဝင်ကြောင်း အာမခံထားပေမယ့် မန်ယူ က ပြီးခဲ့တဲ့ရာသီက ဖလားလက်မဲ့ ဖြစ်ခဲ့ပြီး ချန်ပီယံလိဂ် ဝင်ခွင့်နဲ့လည်း လွဲချော်ခဲ့တာကြောင့် ရော်နယ်ဒိုရဲ့ မန်ယူ အနာဂတ်နဲ့ ပတ်သက်ပြီး မှန်းဆချက်တွေ များပြားခဲ့ပါတယ်။ သူက အမြင့်ဆုံး အဆင့်မှာ နောက်ထပ်‌ သုံး၊ လေးနှစ်လောက် ကစားနိုင်သေးတယ်လို့ ရော်နယ်ဒို က ယုံကြည်ကြောင်း လည်း သတင်းက ဆက်ဖော်ပြခဲ့ပါတယ်။ ရော်နယ်ဒို က ၂၀၂၁ ခုနှစ်မှာ ဂျူဗင်တပ်ကနေ မန်ယူကို ပြန်လာခဲ့ပြီး မန်နေဂျာ ရက်ဖ်ရန်းနစ် လက်အောက်မှာ ခြေစွမ်းပြနိုင်သူအနည်းငယ်အနက် တစ်ဦးဖြစ်ခဲ့ပြီး မန်ယူအတွက် ၂၄ ဂိုး သွင်းယူခဲ့ပါတယ်။ ရီးရဲလ် တိုက်စစ်မှူးဟောင်းက အိုးထရက်ဖို့ဒ်မှာ စာချုပ်သက်တမ်း တစ်နှစ် ကျန်နေသေးပေမယ့် မကြာမီရက်ပိုင်းက ချယ်လ်ဆီး ၊ ဘိုင်ယန်တို့နဲ့ ချိတ်ဆက်ပြောဆိုတာတွေ ရှိလာခဲ့ပါတယ်။