ချန်ပီယံဆုပြန်ရရန် ဂျော့ရှူအာ ရည်မှန်းထား
ဗြိတိန်လက်ဝှေ့သမား ဂျော့ရှူအာနဲ့ ယူကရိန်းလက်ဝှေ့သမား အူဆက်ခ်တို့ရဲ့ မကျေပွဲအတွက် သတင်းစာ ရှင်းလင်းပွဲကို ပြုလုပ်ခဲ့ရာမှာ ဂျော့ရှူအာက ချန်ပီယံဆုတွေကို ပြန်လည်ရယူဖို့အတွက် အကောင်းဆုံး ပြင်ဆင်ထားတယ်လို့ ပြောကြားလိုက်ပါတယ်။ ဂျော့ရှုအာနဲ့ အူဆက်ခ်တို့ရဲ့ ပထမအကြိမ်ဆုံတွေ့မှုအဖြစ် ပြီးခဲ့တဲ့နှစ် စက်တင်ဘာလက ထိုးသတ်ခဲ့ရာမှာ အူဆက်ခ်အနိုင်ရခဲ့ပြီး ဂျော့ရှူအာရဲ့ ဟဲဗီးဝိတ်တန်း ချန်ပီယံဆုတွေကို ရယူသွားခဲ့တာဖြစ်ပါတယ်။ အခုမကျေပွဲကိုတော့ လာမယ့်ဩဂုတ် ၂၀ ရက် ဆော်ဒီနိုင်ငံ ဂျက်ဒက်မြို့မှာ ထိုးသတ်မှာဖြစ်ပါတယ်။ အူဆက်ခ်ရဲ့ အားနည်းချက်တွေကို အကောင်းဆုံးလေ့လာထားပြီးဖြစ်လို့ အခွင့်အရေးရတာနဲ့ အလဲထိုးနိုင်ဖို့ ကြိုးစားသွားမယ်လို့ ဂျော့ရှူအာက ပြောခဲ့ပါတယ်။ ယူကရိန်းနိုင်ငံသား အူဆက်ခ်ကတော့ စစ်ဘေးဒဏ်ခံနေရတဲ့ ယူကရိန်းပြည်သူတွေကို နိုင်ပွဲနဲ့အတူ ပျော်ရွှင်မှုတွေ ယူဆောင် ပေးသွားချင်တယ်လို့ ပြောကြားခဲ့ပါတယ်။