ဘတ်၊ ကျပ်နှင့်ယွမ်၊ ကျပ် သုံးစွဲရေး တိုးချဲ့ဆောင်ရွက်မည်
မြန်မာ-ထိုင်းနဲ့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေးတို့မှာ ဘတ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုနဲ့ ယွမ်/ကျပ်တိုက်ရိုက်ပေးချေမှုစနစ် အသုံးပြုမှုတွေကို တိုးချဲ့ဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ အဲဒီလို တိုးချဲ့အသုံးပြုနိုင်ဖို့အတွက် အစည်းအဝေးကို ဇွန် ၂၆ ရက်က နေပြည်တော်မှာ သက်ဆိုင်ရာဌာနတွေ၊ ပြည်တွင်း ဘဏ်တွေ၊ ထိုင်းနဲ့ တရုတ်ဘဏ်တွေက တာဝန်ရှိသူတွေ တက်ရောက်ခဲ့ပါတယ်။
ထိုင်းနယ်စပ်ကုန်သွယ်ရေးမှာ ဘတ်/ကျပ်တိုက်ရိုက်ပေးချေနိုင်တဲ့စနစ် အသုံးပြုမှုကို မြဝတီနဲ့ တာချီလိတ် နယ်စပ်ကုန်သွယ်ရေးဂိတ်တွေမှာ အသုံးပြုပြီး အခုအခါမှာတော့ မြိတ်နဲ့ ကော့သောင်းဒေသတွေမှာပါ အသုံးပြု နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။ တရုတ်နယ်စပ်ကုန်သွယ်ရေးမှာ ယွမ်/ကျပ် တိုက်ရိုက်ပေးချေနိုင်တဲ့ စနစ် အသုံးပြုမှုကိုလည်း ချင်းရွှေဟော်နယ်စပ် ကုန်သွယ်ရေးဂိတ်မှာ တိုးချဲ့အသုံးပြုနိုင်ဖို့ ဆောင်ရွက်မယ်လို့ သိရပါတယ်။
ဒီလိုတိုးချဲ့အသုံးပြုမှုကို လာမယ့် ဇူလိုင်လ ပထမပတ်နဲ့ ဒုတိယပတ်တို့မှာ စတင်နိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့ တွေ ပူးပေါင်းဆောင်ရွက်မှာဖြစ်ပြီး ထိုင်းနိုင်ငံက လုပ်သားတွေ မြန်မာနိုင်ငံကို ဘတ်ငွေပြန်လွှဲတဲ့အခါမှာလည်း မြန်မာဘဏ်တွေကလက်ခံပြီး မိဘဆွေမျိုးတွေကို ပြန်လည်ထုတ်ပေးနိုင်ဖို့ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ တယ်လို့ သိရပါတယ်။