သီရိလင်္ကာနိုင်ငံမှာ လောင်စာဆီ ပြတ်လပ်သွား
သင်္ဘောနဲ့ရောက်ရှိလာမယ်လို့ မျှော်လင့်ထားပေမယ့် ပေးပို့မှုတွေ ရက်အကန့်အသတ်မရှိ နောက်ကျသွားခဲ့လို့ သီရိလင်္ကာနိုင်ငံမှာ ဓာတ်ဆီနဲ့ဒီဇယ်တွေ ပြတ်လပ်သွားခဲ့ကြောင်း စွမ်းအင်ဝန်ကြီး က ပြောကြားပြီး လောင်စာဆီ ပြတ်လပ်မှု ဆိုးရွားလာတာကိုလည်း သူက တောင်းပန်ခဲ့ပါတယ်။
ဘဏ်လုပ်ငန်းအခက်အခဲတွေကြောင့် ပြီးခဲတဲ့သီတင်းပတ်က ရောက်ရမယ့် အသုတ်က ရောက်မလာခဲ့ဘဲ လာမယ့်သီတင်းပတ် ရောက်ရမယ့် လောင်စာဆီတွေလည်း အချိန်မီရောက်မှာ မဟုတ်ကြောင်း စွမ်းအင်ဝန်ကြီး ကန်ချာနာ ဝီဂျီစီကရာ က ပြောပါတယ်။ သီရိလင်္ကာနိုင်ငံက အစားအစာ၊ လောင်စာနဲ့ ဆေးဝါးလိုမျိုး အလိုအပ်ဆုံး ကုန်စည်တွေကို တင်သွင်းဖို့တောင် နိုင်ငံခြားငွေပြတ်လပ်နေလို့ နိုင်ငံတကာကို အကူအညီ တောင်းခံနေရပါတယ်။
နိုင်ငံကို လောင်စာဆီတွေ ဘယ်တော့ရောက်ရှိလာမလဲဆိုတာကို နိုင်ငံပိုင် သီရိလင်္ကာ ရေနံကော်ပိုရေးရှင်း( CPC ) က မပြောနိုင်ဖြစ်နေကြောင်း ဝန်ကြီးကပြောပါတယ်။ ကုန်ကြမ်းမရှိလို့ CPC က သူတို့ရဲ့ တစ်ခုတည်းသော ရေနံချက် စက်ရုံကို ပိတ်ထားရတယ်လို့လည်း သူကဆိုပါတယ်။ အဲဒီ ရေနံချက်စက်ရုံကို နှစ်လဆိုင်းငံ့အကြွေးနဲ့ ဒူဘိုင်းအခြေစိုက် Coral Energy ကနေ ဝယ်ယူထားတဲ့ ရုရှားရေနံစိမ်း တန်ပေါင်း ၉၀ ၀၀၀ နဲ့ ဒီလစောစောပိုင်းက စတင်လည်ပတ်ခဲ့ပါတယ်။
လောင်စာဆီတွေ အချိန်မီမရောက်လာနိုင်လို့ တောင်းပန်ပါကြောင်းနဲ့ အနည်းငယ်ကျန်ရှိတဲ့ လက်ကျန် ဓာတ်ဆီနဲ့ ဒီဇယ်တွေကို ဓာတ်ဆီဆိုင်တချို့ကနေ ဖြန်ဝေပေးသွားမယ်လို့ သူက ဆက်ပြောပါတယ်။ သယ်ယူပို့ဆောင်ရေး နဲ့ လျှပ်စစ်ဓာတ်အားပေးလုပ်ငန်းတွေကို ဦးစားပေးသွားမှာဖြစ်ကြောင်း နဲ့ ကားနဲ့ ဆိုင်ကယ်မောင်းနှင်သူတွေ ဓာတ်ဆီဆိုင်တွေမှာ တန်းစီမနေကြဖို့ သူကတိုက်တွန်းပါတယ်။
-Ref: AFP/nh