ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ဒေါ်ယဉ်မင်းမြင့်ဆွေပြော

 

နေပြည်တော် သြဂုတ် ၆

ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင် အနေဖြင့် ပွင့်လင်းမြင်သာမှု အားနည်းသည့်အတွက် ၂၀၂၀ အထွေအထွေ ရွေးကောက်ပွဲတွင် လွတ်လပ်ပြီး တရားမျှတပါ့မလားလို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ ဇမ္ဗူသီရိမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ရွေးကောက်ပွဲကော်မရှင်မှ ပြည်ထောင်စုနယ်မြေအတွင်း “မဲစာရင်းထုတ်ပြန်ချက်” အပေါ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၎င်းက အထက်ပါအတိုင်းပြော ကြားခဲ့ခြင်း ဖြစ်သည်။

“ယခင်ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ပွင့်လင်းမြင်သာမှု အနေအထားနဲ့ ယခုရွေးကော်ပွဲ ကော်မရှင်အနေအထား နှိုင်းယှဉ်ကြည့်တဲ့အခါမှာ ယခုရွေးကောက်ပွဲကော်မရှင် ပွင့်လင်းမြင်သာမှု အားနည်းနေတဲ့အပေါ် ၂၀၂၀ အထွေအထွေရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရားမျှတပါ့မလားဆိုတာ သံသယများစွာရှိနေပါတယ်” ဟု ၎င်းက ပြောသည်။

ယနေ့ ကျင်းပပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင်၊ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်ယဉ်မင်းမြင့်ဆွေ နှင့် ပြည်ထောင်စုနယ်မြေ ပြောရေးဆိုခွင့်ရှိသူ ဦးအောင်နိုင်ဦး နေပြည်တော်ခရိုင်အတွင်းရှိ မြို့နယ် ပါတီဥက္ကဌ အချို့နှင့် ပါတီဝင်အချို့တက်ရောက်ခဲ့ကြသည်။