ရုပ်သံနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်းပါက အသက်ပိုရှည်မည်ဟုတွေ့ရှိ
ရုပ်မြင်သံကြားနှင့် ဖုန်းမျက်နှာပြင်များကို ကြည့်ရှုချိန်လျော့နည်း ခြင်းသည် အသက်ပိုရှည်စေသည်ဟု ဂလက်စကိုတက္ကသိုလ်မှ ပြုလုပ်ခဲ့သော လေ့လာမှုတစ်ရပ်အရ တွေ့ရှိခဲ့ကြောင်း ဘီဘီစီသတင်းဌာနက ဖော်ပြသည်။
ဂလက်စကိုတက္ကသိုလ်မှပညာရှင်များသည် ၂ဝဝ၆ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ပူးပေါင်းပါဝင်သူ ၅ဝဝဝဝ ခန့်အား စောင့်ကြည့်လေ့လာ ခဲ့ခြင်းဖြစ်ပြီး လေ့လာမှုများအရ တစ်နေ့လျှင် ရုပ်မြင်သံကြားကြည့်ရှုချိန် နှစ်နာရီခန့်သာ ရှိသူများသည် နှစ်နာရီထက် အချိန်ပိုကြာစွာကြည့်ရှုသူများနှင့်နှိုင်းယှဉ်ပါက ကင်ဆာနှင့် နှလုံးနှင့်ဆက်စပ်သော ရောဂါများ ဖြစ်ပွားနိုင်ခြေသိသိသာသာ လျော့နည်းကာ အသက်ပိုရှည်သည်ဟုတွေ့ ရှိခဲ့သည်။
တစ်နေ့လျှင် ရုပ်မြင်သံကြားနှင့် မိုဘိုင်းလ်ဖုန်းမျက်နှာပြင်များကို အများဆုံးကြာချိန် နှစ်နာရီခန့်သာကြည့်ရှုသူများအား ၁၂ နှစ်ကြာ စောင့်ကြည့်လေ့လာခဲ့ရာတွင် ကင်ဆာရောဂါကြောင့် သေဆုံးနိုင်ခြေရှိသူ ၅ ဒသမ ၆၂ ရာခိုင်နှုန်းနှင့် နှလုံးနှင့် ဆက်စပ်ရောဂါများကြောင့် သေဆုံးနိုင်ခြေရှိသူ ၇ ဒသမ ၉၇ ရာခိုင်နှုန်းသာရှိသည်ဟု တွေ့ရှိခဲ့ကြောင်း ဂလက်စကိုတက္ကသိုလ်က သတင်းထုတ်ပြန်ခဲ့သည်။ Ref; BBC