အောင်လအန်ဆန်တွင် ကိုဗစ်ရောဂါပိုး ကင်းစင်
မြန်မာ့စပါးအုံးမြွေဟု တင်စားကြသည့် အောင်လအန်ဆန်သည် ဇူလိုင်လ ၁၁ ရက်နေ့က စစ်ဆေးချက် အရ ကိုဗစ်ရောဂါ ကင်းစင်သွားပြီဖြစ်ကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ယနေ့ (ဇူလိုင် ၁၇) ရေးသားထားသည်။
အောင်လအန်ဆန်သည် ဇွန်လ ၂၉ရက်နေ့က ကိုဗစ်ရှိမရှိ ဓာတ်ခွဲစမ်းသပ်ခံခဲ့ရာတွင် ပိုးတွေ့သဖြင့် နေအိမ်တွင် အသွားအလာကန့်သတ် နေထိုင်ခဲ့ရသူဖြစ်သည်။
ကျွန်တော်ရောဂါကင်းစင်သွားပါပြီ။ အခုကျွန်တော် အရင်ကလိုပဲ လေ့ကျင့်မှုတွေ၊ လုပ်ငန်းဆောင်တာတွေကို ပုံမှန်ပြန်လည် လုပ်ဆောင်သွားတော့မှာပါ။ ကျွန်တော်တို့အားလုံးလည်း ဒီအိပ်မက်ဆိုးကို မကြာခင်ကျော် လွှားနိုင်တော့မှာပါ ဟု အောင်လအန်ဆန်က ရေးသားထားသည်။
အောင်လအန်ဆန်သည် နေထိုင်မကောင်းစဖြစ်သည့် ပထမနှစ်ရက်တွင် ဖျားခြင်း၊ အသက်ရှုရ ကြပ်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ မောပန်းခြင်းတို့ကို ခံစားရကြောင်း ၎င်း၏ Facebook စာမျက်နှာတွင် ရေးသားအသိပေးခဲ့သည်။
အောင်လအန်ဆန်သည် One Championship MNA ပြိုင်ပွဲတွင် မယ်ဒယ်ဝိတ်နှင့် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဖြစ်သည်။