လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ထိတွေ့သူအားလုံးကို ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးဖို့ မင်းသားကြီး အမီတာဘချမ်း သတိပေး

ဘောလိဝုဒ်ရဲ့ ဂန္ထဝင် ရုပ်ရှင်မင်းသားကြီး အမီတာဘချမ်းဟာ သူ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရတယ်လို့ သိခဲ့ပြီးနောက် လွန်ခဲ့တဲ့ ၁၀ ရက်အတွင်း သူနဲ့ထိတွေ့ခဲ့သူအားလုံးကို ဆေးစစ်မှုခံယူဖို့ Followers သန်းချီရှိတဲ့ သူ့ တွစ်တာအကောင့်က တစ်ဆင့် သတိပေးလိုက်ပါတယ်။

တွစ်တာမှာ သူ ပို့စ်တင်ပြီး မကြာခင် အမီတာဘချမ်းရဲ့ သားဖြစ်သူ အက်ဘ်ဘီရှက်ခ်ကလည်း သူပါ ဗိုင်းရပ်စ် ကူးစက်ခံထားရတယ်လို့ အတည်ပြုခဲ့ပါတယ်။

လွန်ခဲ့တဲ့ ဆယ်စုနှစ် ၅ ခုလောက်ကတည်းက အောင်မြင်တဲ့ ရုပ်ရှင်သရုပ်ဆောင်ဖြစ်ခဲ့တဲ့ အသက် ၇၇ နှစ်အရွယ်ရှိ အမီတာဘချမ်းဟာ ရုပ်ရှင်ဇာတ်ကားပေါင်း ၂၀၀ လောက်ရိုက်ကူးခဲ့ပြီး အခုတော့ သူ့ သား အက်ဘ်ဘီရှက်ခ်နဲ့အတူ မွမ်ဘိုင်းမြို့က နာနာဗာတီ ဆေးရုံမှာ  ဆေးကုသမှုခံယူနေပါတယ်။

အမီတာဘချမ်းတို့ သားအဖနှစ်ယောက်စလုံးဟာ အပျော့စားရောဂါလက္ခဏာတချို့လောက်ပဲ ပြနေတာကြောင့် စိုးရိမ်စရာမရှိဘူးလို့ ဘီဘီစီ သတင်းအရ သိရပါတယ်။

-Ref: BBC