ဘိုင်ယန်မြူးနစ်အသင်း ဂျာမန်ဖလားကို အကြိမ် ၂၀ မြောက် စံချိန်တင်ဆွတ်ခူး

နည်းပြဟမ်ဆီဖလစ် ၏ ဘိုင်ယန်မြူးနစ်က လေဗာကူဆင်ကို ၄-၂ ဂိုးဖြင့် အနိုင်ရပြီး ဂျာမန် DFB ဖလားကို အကြိမ် ၂၀ မြောက် စံချိန်တင်ဆွတ်ခူးခဲ့သည်။ ဘိုင်ယန်သည် ဘွန်ဒက်စ်လီဂါဖလားနှင့် DFB ဖလားကို တစ်နှစ်အတွင်း နှစ်ခုစလုံး သိမ်းပိုက်သော အကြိမ် ၁၃ ကြိမ် ရှိလာ သည်။

ထို့အပြင် ဘိုင်ယန်သည် ဒီဇင်ဘာကစတင်၍ ၂၆ ပွဲဆက် ရှုံးပွဲမရှိရာ ယင်းမှာ အသင်းအတွက် စံချိန်သစ် တစ်ရပ်ဖြစ်သည်။

လေဗာကူဆင်က အကောင်းဆုံး အရှုံးသမားဂုဏ်ပုဒ် ဆက်လက်ပိုင်ဆိုင်ပြီး ၁၉၈၈ က ယူ အီးအက်ဖ်အေနှင့် ၁၉၉၃ က ဂျာမန် DFB ဖလားတွင် အနိုင်ရ ဗိုလ်စွဲပြီးနောက်ပိုင်း ချန်ပီယံလိဂ် ဗိုလ်လုပွဲတစ်ကြိမ်၊ ဂျာမန်ဖလား ဗိုလ်လုပွဲသုံးကြိမ်နှင့် ဘွန်ဒက်စ်လီဂါ ငါးကြိမ်ဒုတိယဖြင့်သာ ကျေနပ်ခဲ့ရသည်။

ယင်းပွဲတွင် နှစ်ဂိုးသွင်းခဲ့သော ပိုလန်တိုက်စစ်မှူး လီဝမ် ဒေါစကီးသည် ယခုနှစ် ဘိုင်ယန် အတွက် ပြိုင်ပွဲစုံ ၄၄ ပွဲတွင် ၅၁ ဂိုးသွင်းထားသည်။

ယခုနှစ်ရာသီတွင် အထူးခြေစွမ်းပြနေသော လီဝမ်ဒေါစကီးနှင့် ပတ်သက်၍ ဖလစ်က ၅၁ ဂိုး ဆိုတာ တော်တော်များတာပါ။ လာမယ့် Ballon d’Or ဆုရှင်က ဘွန်ဒက်စ်လီဂါကနေ ဘယ်လို ခေါ်ထွက်လာမလဲဆိုတာ စဉ်းစားနိုင်ပါတယ်။ သူဘာလို့မရနိုင်ရမှာလဲ၊ ဒီဆုကိုရဖို့ထိုက်တန်တယ်ဆိုတာ သူ့လုပ်ရပ်တွေက သက်သေ ထူနေတယ်။ သူ့ကို ရစေချင်ပါ တယ်ဟု ပြောသည်။

ထိုအတောအတွင်း ဘိုင်ယန်တိုက်စစ်မှူး မူလာက COVID -19 ကပ်ရောဂါကြောင့် ယခု ဗိုလ်လုပွဲစဉ်ကို ပရိသတ်မပါဘဲ ကစားရခြင်းသည် ဝမ်းနည်းစရာ ကောင်းသော အခိုက်အတန့်ဖြစ်သည်ဟု ပြောသည်။

Ref: BBC