ကမ္ဘာ့ကပ်ရောဂါအတွင်း Zoom ကုမ္ပဏီ၏ ရောင်းအား သိသိသာသာမြင့်တက်

ဆန်ဂျိုးစ်- ကမ္ဘာ့ကပ်ရောဂါပျံ့နှံ့မှုကြောင့် လူသန်းပေါင်းများစွာ အွန်လိုင်းမှ အလုပ်လုပ်နေကြရစဉ် ဗီဒီယို ဆက်သွယ်ရေးကုမ္ပဏီ Zoom ၏ ဆော့ဖ်ဝဲအသုံးပြုမှုများ ဧပြီက အဆ ၃၀ မြင့်တက်ခဲ့သည်။

အသုံးပြုမှု အများဆုံးအချိန် က အွန်လိုင်းဆွေးနွေးမှုများတွင် နေ့စဉ်ပါဝင်သူ သန်း ၃၀၀ ကျော် ရှိခဲ့ပြီး အခပေးသုံးသော ဖောက်သည်များ သုံးဆကျော် မြင့်တက် ခဲ့သည်။

ယခုနှစ် ရောင်းအားသည် မတ်လက ခန့်မှန်းထားသော ပမာဏထက် နှစ်ဆ ကန်ဒေါ်လာ ၁ ဒသမ ၈ ဘီလီယံ အထိ မြင့်တက်မည်ဟု မျှော်လင့်ကြောင်း Zoom ကုမ္ပဏီက ပြောကြားသည်။

ဒါက ကြီးမားတဲ့ အခွင့်အလမ်းတစ်ခုဖြစ်ပါတယ်ဟု အမှုဆောင်အရာရှိချုပ် အားရစ်ယွန် က ရင်းနှီးမြှုပ်နှံသူများကို ပြောကြားသည်။ ယွန်က လူအမြောက်အမြား အတွက် Zoom အက်ပလီကေးရှင်းကို ဖန်တီးရန် ရည်ရွယ်ခဲ့ဟု ပြောသည်။ ၂၀၀၇ က ကန်ဒေါ်လာ ၃ ဒသမ ၂ ဘီလီယံဖြင့် Cisco ကုမ္ပဏီက ဝယ်ယူခဲ့သော ပထမဆုံး အမေရိကန် ဗီဒီယိုဆက်သွယ်ရေးကုမ္ပဏီများအနက် တစ်ခုဖြစ်သည့် Webex တွင် ရာထူးအဆင့်ဆင့် တက်လာခဲ့ပြီးနောက် တရုတ်နိုင်ငံဖွား ဆော့ဖ်ဝဲအင်ဂျင်နီယာ ယွန်သည် Zoom ကုမ္ပဏီကို ၂၀၁၁ တွင် စတင်တည်ထောင်ခဲ့သည်။ မိုက်ကရိုဆော့ဖ်နှင့် Cisco တို့ ကဲ့သို့ ကုမ္ပဏီကြီးများ ကြီးစိုးထားပြီးဖြစ်သော ဈေးကွက်အတွင်း နောက်ထပ် အက်ပလီကေးရှင်းတစ်ခု မလိုတော့ဟု ရှုမြင်သော ရင်းနှီးမြှုပ်နှံသူများစွာက အစပထမတွင် ၎င်းအပေါ် သံသယရှိခဲ့ကြသည်။ ယင်းကုမ္ပဏီ၏ ရှယ်ယာများကို ယမန်နှစ်က အများပြည်သူသို့ စတင်ရောင်းချချိန်တွင် တန်ဖိုး ၁၅ ဒသမ ၉ ဘီလီယံသာ ရှိခဲ့ပြီး အင်္ဂါနေ့က ကန်ဒေါ်လာ ၅၈ ဘီလီယံကျော်အထိ မြင့်တက်လာခဲ့သည်။

Ref: BBC