မြန်မာနိုင်ငံတွင် ခွဲစိတ်မှုများ လာရောက်ပြုလုပ်ခဲ့သည့် Big Shoe အဖွဲ့အား ကျေးဇူးတင်ကြောင်း လူမှုစာမျက်နှာတွင် အိုဇေးလ် ဖော်ပြ

အာဆင်နယ်အသင်း ကွင်းလယ်တိုက်စစ်ကစားသမား အိုဇေးလ်က မြန်မာနိုင်ငံတွင် လာရောက်၍ ခွဲစိတ် ကုသမှုများ ပြုလုပ်ပေးခဲ့သည့် BigShoe ပရဟိတအဖွဲ့အား ကျေးဇူးတင်ရှိကြောင်း ၎င်း၏ လူမှုစာမျက်နှာ တွင် ရေးသားဖော်ပြခဲ့သည်။

ဂျာမနီကစားသမား အိုဇေးလ်သည် ကမ္ဘတစ်ဝန်း၌ ကလေးငယ်များအား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးနေသည့် BigShoe ပရဟိတအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး အဆိုပါအဖွဲ့အား ငွေကြေးထောက်ပံ့ကူညီမှုများ ပြုလုပ် ပေးနေသူဖြစ်သည်။

BigShoe ပရဟိတအဖွဲ့သည် ပြီးခဲ့သည့် မတ်လ ၆ ရက်နေ့တွင် ကယားပြည်နယ်၊ လွိုက်ကော်မြို့သို့ ရောက်ရှိလာပြီး ခွဲစိတ်ကုသမှု ခံယူရန် လိုအပ် နေသည့် ကလေးငယ်ပေါင်း ၄၀ အား ကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း BigShoe ပရဟိတအဖွဲ့၏ Facebook စာမျက်နှာတွင် ဖော်ပြခဲ့ပြီး BigShoe ပရဟိတအဖွဲ့အား ထောက်ပံ့မှုများ အစဉ်အမြဲပြုလုပ် ပေးနေသည့် အိုဇေးလ်အပြင် အခြားပုဂ္ဂိုလ်များနှင့် ကမ္ဘာတစ်ဝန်းမှ BigShoe အဖွဲ့ မိတ်ဆွေအပေါင်းအား ကျေးဇူးတင်ရှိကြောင်း ရေးသားဖော်ပြမှုပြုလုပ်ခဲ့သည်။

အဆိုပါ ခွဲစိတ်မှုများအား ဒေါက်တာ Herbert Bauer ဦးဆောင်သည့် ဆေးအဖွဲ့မှ ပြုလုပ်ပေးခဲ့ခြင်းဖြစ်သည်။ အိုဇေးလ်က ၎င်း၏ Twitter စာမျက်နှာ တွင် “ BigShoe11 ရဲ့ အံ့အားသင့်ဖွယ် လုပ်ဆောင်မှုအတွက်ထပ်ပြီး ကျေးဇူးတင်ရပါတယ်။

ဒီတစ်ကြိမ် မှာတော့ ကျွန်တော်တို့ဟာ မြန်မာနိုင်ငံက အကူအညီလိုအပ်နေတဲ့ ကလေးငယ် ၄၀ ကို ကူညီပေးနိုင်ခဲ့ ပါတယ်”ဟု ရေးသားဖော်ပြခဲ့သည်။ BigShoe အဖွဲ့အား ၂၀၀၆ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်တွင် ကမ္ဘာတစ်ဝန်းမှ အကူအညီလိုအပ်နေသည့် ကလေးငယ်ပေါင်း ၁၆၀၀ ကျော်အား ခွဲစိတ်ကုသမှုများ ပြုလုပ်ပေးခဲ့ပြီးဖြစ်သည်။

အိုဇေးလ်သည် ၂၀၁၄ ခုနှစ်တွင် BigShoe အဖွဲ့နှင့် စတင်လက်တွဲခဲ့သူဖြစ်ပြီး လက်ရှိအချိန်တွင် BigShoe အဖွဲ့၌ ပေါ့ဂ်ဘာ၊ အန်တိုနီယိုရူဒီဂါနှင့် ဖိလစ်လမ်း တို့ ကဲ့သို့ ဘောလုံး လောကမှ နာမည်ကျော်များ ပါဝင်နေပြီဖြစ်သည်။

BigShoe အဖွဲ့သည် မြန်မာနိုင်ငံသို့ လာရောက်ကာ ကုသမှုများ ပြုလုပ်ပေးပြီးနောက် နောက်ထပ် သွားရောက် ကုသမှုများ ပြုလုပ်ပေးမည့် နိုင်ငံမှာ မာလာဝီနိုင်ငံဖြစ်သည်ဟု ဆိုသည်။

အိုဇေးလ်သည် ယခင်ကလည်း ကလေးငယ်များ ခွဲစိတ်ကုသ မှုများ ခံယူုနိုင်ရန်အတွက် ငွေကြေးလှူဒါန်းမှုများ ပြုလုပ်ခဲ့ဖူးသူဖြစ်သည်။ akonthi