ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေး ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ဒုတိယနေ့ နိဂုံးချုပ်အမှာစကား ပြောကြား

 

နေပြည်တော် စက်တင်ဘာ ၁၅

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ဒုတိယနေ့ အခမ်းအနားကို ယနေ့နံနက် ၉နာရီက နေပြည်တော် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဌာနချုပ် ညီလာခံခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားကို နိုင်ငံတော်အလံတော်အား အလေးပြုပြီး နိုင်ငံတော်သီချင်း သီဆိုဖွင့်လှစ်ခဲ့ကြသည်။ ထို့နောက် သဘာပတိအဖွဲ့နေရာယူခဲ့သည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင်များ ဖြစ်ကြသော ကချင်ပြည်နယ်မှ ဦးရားဝမ်ဂျုံက သဘာပတိအဖြစ် လည်းကောင်း၊ တနင်္သာရီတိုင်းဒေသကြီးမှ ဦးသန်းအောင်၊ ရှမ်းပြည်နယ် (တောင်ပိုင်း)မှ ဦးစိုင်းကျော်မိုး၊ ရှမ်းပြည်နယ် (အရှေ့ပိုင်း) မှ ဒေါ်တင်မေထွန်း၊ ဧရာဝတီတိုင်း ဒေသကြီးမှ ဒေါ်နွယ်နွယ်ဦးတို့ က သဘာပတိအဖွဲ့ဝင်များ အဖြစ်လည်းကောင်း အသီးသီး ဆောင်ရွက်ကြသည်။

ထိုအခမ်းအနား အစီအစဉ်အရ ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂ဝ၁၉) သို့ တင်သွင်းသည့် ဗဟို အလုပ်အမှုဆောင်ကော်မတီ၏ အစီရင်ခံစာနှင့် စာတမ်းအပေါ် ဗဟိုအတိုင်ပင်ခံများ ဖြစ်ကြသော ဦးသိန်းဇော်၊ ဦးညဏ်ဝင်း၊ ဦးရဲမြင့်၊ ဦးသာအေး၊ ဦးအောင်သန်းထွဋ်တို့က လည်းကောင်း၊ ဗဟိုကော်မတီဝင် များဖြစ်ကြသော ဦးစောထူးကပေါ်၊ ဦးဟန်မောင်၊ ဦးမြင့်လှိုင်တို့ကလည်းကောင်း အသီးသီးအကြံပြု ဆွေးနွေးခဲ့ကြသည်။ ထို့နောက် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) က မှတ်တမ်း တင်ခြင်းလေးရပ်၊ အတည်ပြုခြင်းလေးရပ်၊ ဆုံးဖြတ်ခြင်းနှစ်ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်တို့ ချမှတ်နိုင်ရန် ပြည်ခိုင်ဖြိုးပါတီ ဗဟိုအတွင်းရေးမှူး ဦးသန်းထွန်းက တင်ပြသည်။

အခမ်းအနား သဘာပတိက ပဉ္စမအကြိမ်ဗဟိုကော် မတီအစည်းအဝေး (၂ဝ၁၉) ၏ မှတ်တမ်းတင်ခြင်း လေးရပ်၊ အတည်ပြုခြင်းလေးရပ်၊ ဆုံးဖြတ်ခြင်းနှစ်ရပ်နှင့် ရှေ့လုပ်ငန်းစဉ် ငါးရပ်တို့နှင့် စပ်လျဉ်း၍ အစည်းအဝေး၏ သဘောထားကို ရယူခဲ့ပြီး တက်ရောက်သူများက သဘောတူကြောင်း ဆုံးဖြတ်ကြသည်။ အစီအစဉ်အရ သဘာပတိအဖွဲ့ ပြန်လည်ထွက်ခွာ သွားသည်။ အခမ်းအနားတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဋ္ဌ ဦးသန်းဌေးက ပဉ္စမအကြိမ် ဗဟိုကော်မတီ အစည်းအဝေး (၂ဝ၁၉) ဒုတိယနေ့တွင် နိဂုံးချုပ်အမှာစကား ပြောခဲ့သည်။ (ပါတီဥက္ကဋ္ဌ၏ နိဂုံးချုပ်အမှာစကားကို စာမျက်နှာ-၁၁ တွင် အပြည့်အစုံ ဖော်ပြထားပါသည်။)

ထို့ကြောင့် ပဉ္စမအကြိမ် ဗဟိုကော်မတီအစည်းအဝေး (၂ဝ၁၉) သို့ တက်ရောက်လာသူများက ပါတီတွင်း စည်းလုံးညီညွတ်မှု ပိုမိုကျစ်လျစ်ခိုင်မာရေး ဒို့အရေး၊ ဖွဲ့စည်းပုံ အခြေခံဥပဒေ (၂ဝဝ၈) ကို ခေတ်ကာလ လိုအပ်ချက်နှင့် အညီ နည်းလမ်းတကျ အဆင့်ဆင့် ပြင်ဆင်ရေး ဒို့အရေး၊ ဒီမိုကရေစီ အနှစ်သာရနှင့် ဖက်ဒရယ် စနစ်ကို အခြေခံသော စည်းလုံးညီညွတ်သည့် ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေး ဒို့အရေး၊ ၂ဝ၂ဝ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ အောင်ရမည်ဟု ကြွေးကြာ်ကာ အစည်းအဝေးကို အောင်မြင်စွာ ပြီးမြောက်ခဲ့သည်။

အစည်းအဝေးကျင်းပပြီး မွန်းလွဲပိုင်းတွင် နေပြည်တော်ရှိ ပြည်ခိုင်ဖြိုးပါတီဌာနချုပ် ညီလာခံခန်းမ၌ သတင်း ထုတ်ပြန်ရေးအဖွဲ့ ပါတီဗဟိုအတွင်းရေးမှူး ဦးပိုက်ထွေး၊ ဗဟိုအလုပ်အမှုဆောင် ဦးလှသိန်း၊ ပြောရေးဆိုခွင့် ရှိသူများဖြစ်သော ဒေါက်တာနန္ဒာလှမြင့်၊ ဦးသိန်းထွန်းဦးနှင့် ဒေါ်နန်းမြမီမီဇော်တို့က သတင်း မီဒီယာသမား များအား ဖိတ်ကြား၍ သတင်းစာ ရှင်းလင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကြောင်း သိရသည်။