သောကြာနဲ့တနင်္လာနေ့တွေမှာ လာလီဂါပွဲမကစားဖို့ စပိန်ဘောလုံးအဖွဲ့ချုပ် အမိန့်ထုတ်

စပိန်ဘောလုံးအဖွဲ့ချုပ်နဲ့ လာလီဂါတို့အကြား သဘောထားကွဲလွှဲမှုတွေ ဆက်ရှိနေပြီး သောကြာနဲ့တနင်္လာနေ့တို့မှာ လာလီဂါပွဲ မကစားဖို့ အမိန့်ထုတ်ထားပါတယ်။ လာလီဂါဟာ ရာသီသစ် ပွဲစဉ်ဇယားတွေထဲက ပွဲစဉ်(၃)အထိကို အချိန်နဲ့အတိအကျရေးဆွဲထားပြီးပါပြီ။ အဲဒီထဲမှာ သောကြာနေ့ ပွဲစဉ်တွေလည်းပါပါတယ်။ ရာသီအဖွင့် သြဂုတ်လ(၁၆)ရက်နေ့ ပွဲစဉ် တစ်ပွဲဖြစ်တဲ့ ဘီလ်ဘာအိုနဲ့ဘာစီလိုနာတို့ပွဲကို သောကြာနေ့ကစားဖို့ စီစဉ်ထား ပါတယ်။ ဒါပေမယ့် အခုတော့ စပိန်ဘောလုံးအဖွဲ့ချုပ်က ပွဲစဉ်ဇယားတွေကို ပြန်ရေးဆွဲဖို့ အမိန့်ထုတ်ထားပါတယ်။ ’’စပိန်ဘောလုံးပရိသတ်တွေဟာ ဒီနေ့တွေမှာ ကစားတာမကြိုက်ပါဘူး။ အထူးသဖြင့် တနင်္လာနေ့ပေါ့။ တနင်္လာနေ့ပွဲတွေကို ကြည့်ရတာ သူတို့အတွက် အဆင်မပြေပါဘူး”လို့ စပိန်ဘောလုံးအဖွဲ့ချုပ်က ထုတ်ပြန်ထားပါတယ်။ ဖေဖော်ဝါရီလက လီဗန်တေးနဲ့ပွဲကို တနင်္လာနေ့မှာ ကစားဖို့ဆုံး ဖြတ်ခဲ့တာကြောင့် အလာဗက်စ်အသင်းပရိသတ်တွေ ဆန္ဒပြခဲ့ကြပါတယ်။ စပိန်ဘောလုံးအဖွဲ့ချုပ်ရဲ့ဆုံးဖြတ်ချက် နဲ့ပတ်သက်ပြီး လာလီဂါကတော့ ဒါဟာ ယူရို(၂)ဘီလျံတန် ရုပ်/သံစာချုပ်ကို ခြိမ်းခြောက်ရာ ရောက်နေတယ်လို့ တုံ့ပြန်ထားပါတယ်။ တနင်္လာနဲ့သောကြာနေ့ပွဲတွေ မကစားဖို့ဆုံးဖြတ်ကို သြဂုတ်လ(၇)ရက်နေ့မှာ ပြန်လည် အမှုကြားနာဖို့ ရှိပါတယ်။ လာလီဂါဥက္ကဌ ဟာဗီးယားတီဘက်စ်က စပိန်ဘောလုံးအဖွဲ့ချုပ်ဟာ နောက်ဆက်တွဲ ပြဿနာကို သေချာမသိဘဲ ပွဲစဉ်ဇယားရွှေ့ဆိုင်းဖို့ လုပ်နေတာလို့ ဝေဖန်ထားပါတယ်။ Skysports