International Fighter of the Year ဆုကို အောင်လအန်ဆန်းရရှိ

The World MMA Awards 2019 တွင် နာမည်တင်သွင်းခံခဲ့ရသည့် မြန်မာ MMA ဖိုက်တာ အောင်လအန်ဆန်းမှာ International Fighter of the Year ဆုကိုဆွတ်ခူးရရှိသွားခဲ့သည်။ The World MMA Awards ဆုများကို Fighters Only magazine မှ ၂၀၀၈ ခုနှစ်မှစဆင်ကာ နှစ်စဉ်ရွေးချယ်ပေးလေ့ရှိပြီး နိုင်ငံတကာတွင် ဂုဏ်သိက္ခာအကြီးမာဆုံး ဆုတစ်ခုဖြစ်သည်။ အဆိုပါဆုကို ပရိသတ်များက Online Voting စနစ်ဖြင့် မဲပေးရွေးချယ်ခဲ့ခြင်းလည်းဖြစ်သည်။ အောင်လအန်ဆန်းမှာ ယခုနှစ်တွင် Fighter of the Year ဆုနှင့် International Fighter of the Year ဆုနှစ်မျိုးတွင် နာမည်တင်သွင်းခံခဲ့ရပြီး International Fighter of the Year ဆုကို ရရှိခဲ့ခြင်းဖြစ်သည်။ Fighter of the Year ဆုကို အမေရိကန် MMA နှင့် UFC ဟဲဗီးဝိတ်တန်း ဖိုက်တာ ကော်မီယာမှ ရရှိသွားခဲ့သည်။ The World MMA Awards 2019 ဆုပေးပွဲအခမ်းအနားကို အမေရိကန်နိုင်ငံ လာ့စ်ဗေးဂက်စ်မြို့၊ Palms Casino Resort ရှိ Pearl Concert Theater တွင်ကျင်းပသွားမည်ဟုသိရသည်။ အောင်လအန်ဆန်းမှာ ဂျပန်နိုင်ငံ၊ တိုကျိုမြို့တွင် ကျင်းပခဲ့သည့် ONE Championship: A New Era တွင် ဂျပန်နိုင်ငံသား ပြိုင်ဘက်ဟောင်းဖြစ်သူ ဟာဆဲဂါဝါကို ဒုတိယအချီတွင် အလဲထိုးအနိုင်ယူပြီး မစ်ဒယ်ဝိတ်တန်း ချန်ပီယံဘွဲ့ကို ကာကွယ်နိုင်ခဲ့သည်။ ပြီးခဲ့သည့် ၂၀၁၈၊ ဖေဖေါ်ဝါရီလတွင် မာချာဒိုကို အလဲထိုးအနိုင်ယူပြီး လိုက်ဟဲဗီးဝိတ်ချန်ပီယံဖြစ်ခဲ့ကာ ONE Championship ၀ိတ်တန်းနှစ်ခု၏ လက်ရှိချန်ပီယံဖြစ်သည်။ skysports