အင်းစိန်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မြို့သစ် (၈) ရပ်ကွက်တွင် ကျန်းမာရေးအခမဲ့ ကွင်းဆင်း ဆေးကု

 

ရန်ကုန် ဇွန် ၂၃

ရန်ကုန်မြောက်ပိုင်းခရိုင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီသည် မိုးဦးရာသီ သွေးလွန်တုပ်ကွေး၊ ဝမ်းပျက် ဝမ်းလျှောနှင့် တခြားမလိုလားအပ်သော ရောဂါဘေးအန္တရာယ်များကို ကာကွယ်ရန် ခရိုင်အတွင်းရှိ မြို့နယ်များသို့ လစဉ်ကွင်းဆင်း၍ ကျန်းမာရေးဗဟုသုတ ဟောပြောခြင်း၊ ဆေးကုသပေးခြင်းများကို ပြုလုပ်လျက်ရှိရာ ယမန်နေ့ နံနက် ၇ နာရီမှ စတင်၍ အင်းစိန်မြို့နယ် မြို့သစ် (၈) ရပ်ကွက် A.C.E သဲကွင်းပုညကိရိယ ဆွမ်းလောင်း ဓမ္မာရုံတွင် လူနာ ၁၇၅ ဦးအား ညနေ ၅ နာရီအထိ ဒေါက်တာဟန်လင်းထွန်းနှင့် ကျန်းမာရေး သူနာပြုဝန်ထမ်းများ စမ်းသပ် စစ်ဆေးကုသ ပေးခဲ့ကြသည်။

အဆိုပါ ခရိုင်နယ်လှည့်ဆေး ကုသရေးအဖွဲ့အား ခရိုင်ဘဏ္ဍာရေးမှူး ဦးကြည်စိုးနှင့် ခရိုင်ကော်မတီဝင်များ ဖြစ်သော ဦးဝင်းစိုး၊ ဦးထွန်းထွန်းဦးတို့က ဦးဆောင်ဆောင်ရွက်ကြပြီး အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစိုးသန်းနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့သစ် (၈) ရပ်ကွက် ရပ်/ကျေး ကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးစိုးဝင်းနှင့် အဖွဲ့ဝင်များက ဆေးကုသမည့် ဓမ္မာရုံသို့ မလာရောက်နိုင်သည့် သက်ကြီး ရွယ်အိုများ၊ ရင်ခွင်ပိုက် ကလေးမိခင်များကို ဖေးမကူညီကြကြောင်း သိရသည်။

အင်းစိန်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီအဖွဲ့ဝင်များသည် မိုးတွင်းကာလ ရပ်ကွက်တွင်း ခြင်ဆေးဖျန်းခြင်း၊ ရေစီးရေလာ ကောင်းမွန်အောင် ဆောင်ရွက်ခြင်းနှင့် ဝါတွင်းဝါပ ဆွမ်းလောင်းခြင်း၊ အရေးတကြီး သွေးလိုအပ်သောလူနာများ ကို သွေးလှူဒါန်းခြင်း၊ အောက်ဆီ ဂျင် ၂၄ နာရီ အခမဲ့ လှူဒါန်းဆောင် ရွက်ပေးလျက်ရှိပြီး မည်သူမဆို လိုအပ်ပါက အကူအညီ တောင်းခံနိုင်ကြောင်း သိရသည်။

ကိုဖြိုး