မြောက်ကိုရီးယား ခေါင်းဆောင်ထံ Trump စာပို့

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်သည် အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်ထံမှ ကောင်းမွန်သော အကြောင်းအရာပါဝင်သည့် ပုဂ္ဂိုလ်ရေး ပေးစာတစ်စောင်ကို လက်ခံရရှိခဲ့ကြောင်း မြောက်ကိုရီးယား နိုင်ငံပိုင်သတင်းအေဂျင်စီ KCNA က ဇွန်လ ၂၃ ရက်တွင် ပြောသည်။ စာသည် ကောင်းမွန်သော အကြောင်းအရာဖြစ်ကြောင်း ကင်ဂျုံအန်က စိတ်ကျေနပ်စွာ ပြောကြားသည်ဟု KCNA က ဖော်ပြသည်။

‘‘သမ္မတထရန့်ရဲ့ တစ်မူထူးခြားတဲ့ ရဲစွမ်းသတ္တိနဲ့ နိုင်ငံရေး အကဲဖြတ်နိုင်မှု စွမ်းရည်ကို အပြည့်အဝ အသိအမှတ်ပြုရင်း ကင် ဂျုံအန်က သူ့အနေနဲ့ စိတ်ဝင်စားဖွယ် အကြောင်းအရာကို အလေးအနက်စဉ်းစားမယ်လို့ ပြောပါတယ်’’ဟု KCNA က ပြောကြားသော်လည်း စာထဲတွင် ပါဝင်သော အကြောင်းအရာနှင့် ပတ်သက်၍ ဖော်ပြခြင်း မရှိပေ။ ဖေဖော်ဝါရီက ဗီယက်နမ် နိုင်ငံတွင် ၎င်းတို့နှစ်ဦးကြား ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှု၌ သဘောတူညီချက် တစ်စုံတစ်ရာ မရဖြစ်ပြီးနောက် အမေရိကန်နှင့် မြောက်ကိုရီးယားကြား နျူ ဆွေးနွေး ညှိနှိုင်းမှုများသည် လိပ်ခဲတည်းလည်း ဖြစ်နေသည်။

ဒုတိယအကြိမ် ထိပ်သီးတွေ့ဆုံမှုမတိုင်မီ ထရန့်က ၎င်းနှင့် ကင် ဂျုံအန်ကြားတွင် အလွန်ကောင်းမွန်သော ဆက်ဆံရေးရှိကြောင်း ပြောကြားခဲ့သည်။ ကင်သည် လတ်တလော ကာလအတွင်း တရုတ်သမ္မတ စီကျင်းပင်ကို အိမ်ရှင်အဖြစ် လက်ခံကြိုဆိုခဲ့သည်။ ယင်းခရီးစဉ်က ခိုင်မာအားကောင်းပြီး ဖြိုဖျက်၍ မရနိုင်သော မြောက်ကိုရီးယား-တရုတ် ရင်းနှီး ချစ်ကြည်မှုကို ကမ္ဘာ့ရှေ့မှောက်၌ သရုပ်ဖော်ပြသရန် အခွင့်အလမ်းကောင်း တစ်ခုဖြစ်ကြောင်း ကင် ဂျုံအန်က စီကျင်းပင်အား ပြောကြားခဲ့သည်။  

—Ref: AFP