ကော့မှူးပြည်ခိုင်ဖြိုးပါတီ ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်

 

ရန်ကုန် မေ ၂၆

ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီဥက္ကဌ ဦးရွှေဘော် (ခ) ဦးဝင်းထွန်းနိုင်နှင့် မြို့နယ်ကော်မတီဝင်များသည် ယမန်နေ့ နံနက် ၁ဝ နာရီတွင် အောက်ကျောင်း ကျေးရွာအုပ်စု ကျည်စုကျေးရွာရှိ ဦးအောင်သန်းစိန် နေအိမ်၌ ကျေးလက်နေဒေသခံ ၃ဝ ခန့်ဖြင့် ရေနွေးကြမ်း စကားဝိုင်း ပြုလုပ်ခဲ့သည်။ ယင်းစကားဝိုင်း၌ ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီနာယက ဦးမြင့်ဦးက ယနေ့ ပြည်သူတွေ ပြောဆိုနိုင်သည့် ဝေဖန် သုံးသပ်နိုင်သည့် အခြေအနေများဖြစ်အောင် ယခုလို စကားဝိုင်း ပြုလုပ် ရခြင်းဖြစ်ကြောင်း ပဏာမ ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌက နိုင်ငံ၏ ယနေ့စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး အစရှိသည့် ယနေ့တိုင်းပြည် တိုးတက်လာမှု အခြေအနေရှိမရှိ၊ တရားဥပဒေ စိုးမိုးရေးအခြေအနေ၊ အလုပ်အကိုင် အခွင့်အလမ်းဆိုင်ရာ လက်ရှိ ကြုံတွေ့နေရသည့် အခြေအနေများကို ဒေသခံများအား ချပြရှင်းလင်း ခဲ့သည်။ ထို့နောက် တက်ရောက်လာကြသူ ကျေးလက်နေဒေသခံများမှ ၄င်းတို့ သိချင်သည့် အကြောင်းအရာများအပေါ် သုံးသပ်ချက်များအား ရင်းနှီး ပွင့်လင်းစွာ ဆွေးနွေးကြောင်း သိရသည်။ မြတ်ဟိန်းကျော်(ကော့မှူး)