ပြည်ခိုင်ဖြိုးပါတီ ဗဟိုကော်မတီဝင်နှင့်အဖွဲ့ ကော့မှူးမြို့နယ် ပါတီဝင်များနှင့်တွေ့ဆုံ

 

ကော့မှူး မေ ၁၃

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ပါတီစည်းကမ်း ထိန်းသိမ်းရေးဌာနကြီးမှ ပါတီဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့်အဖွဲ့သည် ယမန်နေ့ နံနက် ၉ နာရီခန့်က ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ရုံးခန်းမ၌ ပါတီဝင်များနှင့် တွေ့ဆုံ ခဲ့သည်။

ထိုတွေ့ဆုံပွဲတွင် နိုင်ငံတော်သီချင်းအား သံပြိုင်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး ပါတီစည်းကမ်း ထိန်းသိမ်းရေးဌာနကြီးမှ ဒေါက်တာဌေးဝင်းက တက်ရောက်လာကြသည့် ရပ်ကွက်/ ကျေးရွာ၊ မြို့နယ်၊ ခရိုင်ပါတီဝင်များအား ပါတီ၏စည်းမျဉ်းစည်းကမ်းများ၊ ပါတီ၏မူဝါဒလမ်းစဉ်များ စသည်တို့ပေါ် အခြေခံလျက် စည်းလုံးညီညွတ်သော၊ စည်းကမ်းရှိသော ပါတီဝင်ကောင်းများအဖြစ် ရပ်တည်ကာ ပြည်သူ့အကျိုးပြု လုပ်ငန်းများ၊ ပါတီတာဝန်များ၊ ကျရာအခန်းကဏ္ဍများမှ နေလျက် စနစ်ကျနသော၊ နည်းလမ်းမှန်ကန် သောဆောင်ရွက် တတ်မှုမျိုး အမူအကျင့်ကောင်းများ ရရှိအောင် မွေးမြူလုပ်ဆောင်နိုင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးရွှေဘော်(ခ) ဦးဝင်းထွန်းနိုင်က မိမိမြို့နယ်အတွင်း ဆောင်ရွက်ထားမှု အခြေအနေများ၊ ဆက်လက်ဆောင်ရွက်ရန် လုပ်ငန်းစဉ်များ၊ ဒေသလိုအပ်ချက်များ၊ မြို့နယ်အတွင်း ပါတီဖွဲ့စည်းဆောင် ရွက်ထားရှိမှုများ စသည့် အုပ်ချုပ်၊ စီမံဆောင်ရွက်မှုများအား ဆွေးနွေးတင်ပြ ခဲ့သည်။

ထို့နောက် ပါတီစည်းကမ်း ထိန်းသိမ်းရေးအဖွဲ့မှ ပါတီဝင်များအား ရပ်ကွက်/ကျေးရွာအလိုက် ရင်းနှီးခင်မင်စွာ နှုတ်ဆက်လျက် မေးမြန်းဆွေးနွေးခဲ့ပြီး အခမ်းအနားကို မွန်းတည့် ၁၂ နာရီကျော်တွင် အောင်မြင်စွာ ပြီးဆုံးခဲ့သည်။

အဆိုပါ တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုကော်မတီဝင် ဒေါက်တာဌေးဝင်းနှင့်အတူ ဗဟိုကော်မတီဝင် ဦးမြဝင်း၊ ရန်ကုန်တိုင်းဒေသကြီး ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ တိုင်းကော်မတီ ဦးသန်းမြင့်၊ ရန်ကုန်တိုင်းဒေသကြီး တောင်ပိုင်းခရိုင် ကော်မတီ ဦးနိုင်ဝင်း၊ ကော့မှူးပြည်ခိုင်ဖြိုးပါတီ နာယကများ၊ မြို့နယ်ဥက္ကဋ္ဌနှင့် မြို့နယ်ကော်မတီဝင်များ၊ မြို့နယ်အရန်ကော်မတီများ၊ ရပ်ကွက်/ ကျေးရွာတို့မှ ပါတီဥက္ကဋ္ဌများ စုစုပေါင်း အင်အား ၁၅ဝ ခန့်တက် ရောက်ခဲ့ပြီး အခမ်းအနားအပြီး အဖျောက်ကျေးရွာရှိ ပါတီဝင်များ၊ ဒေသခံ ၇ဝ တို့နှင့် တွေ့ဆုံကာ ရေနွေးကြမ်းစကားဝိုင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။

မြတ်ဟိန်းကျော်(ကော့မှူး)