MMA ကစားသမားဘ၀ အနားယူပြီးပါက မြန်မာနိုင်ငံတွင် လာရောက်အခြေချမည်ဟု အောင်လအင်န်ဆန်း ပြော

MMA ၀ိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံ အောင်လအင်န်ဆန်းသည် နောက်သုံးနှစ်တွင် MMA ကစားသမားဘ၀မှ အနားယူရန် စီစဉ်ထားပြီး အနားယူပြီးပါက မြန်မာနိုင်ငံ၌ မိသားစုနှင့်အတူ လာရောက်အခြေချနေထိုင်မည် ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ အသက် (၃၃)နှစ်အရွယ် အောင်လအင်န်ဆန်းသည် လက်ရှိတွင် MMA(One Championship) မစ်ဒယ်ဝိတ်တန်းနှင့် လိုက်ဟဲဗီးဝိတ်တန်း ကမ္ဘာ့ချန်ပီယံခါးပတ်နှစ်ခု ပိုင်ရှင်ဖြစ်သည်။

”နောင်သုံးနှစ်နေရင် ကစားသမားဘ၀က နားဖို့တော့ အစီအစဉ်ရှိတယ်။ နားပြီးသွားရင် မြန်မာနိုင်ငံမှာ မိသားစုနဲ့အတူ ပြန်အခြေချမယ်။ ကလေးကိုလည်း ဒီမှာပဲကျောင်းထားဖို့ စီစဉ်ပါမယ်။ ကချင်မှာပဲ နေဖြစ်ဖို့ များပါတယ်” ဟု အောင်လအင်န်ဆန်းက ပြောဆိုသည်။ ထို့ပြင် မြန်မာနိုင်ငံမှ MMA လူငယ် ကစားသမားများ မွေးထုတ်ပေးနိုင်ရန်အတွက် ရန်ကုန်၊ မန္တလေးနှင့် ကချင်ပြည်နယ်တို့တွင် MMA သင်တန်းကျောင်းများ ဖွင့်လှစ်ရန်လည်း စီစဉ်ထားကြောင်း အောင်လအင်န်ဆန်းက ပြောဆိုသည်။

”ကျွန်တော် အခု ချန်ပီယံခါးပတ်ကို အကောင်းဆုံးထိန်းသိမ်းမယ်။ ကစားသမားဘ၀အနားယူပြီဆိုရင်တော့ မြန်မာနိုင်ငံမှာ MMA ကစားသမားတွေ ထပ်ထွက်ပေါ်လာဖို့အတွက် မွေးထုတ်ပေးဖို့ အစီအစဉ်ရှိတယ်။ သင်တန်းကျောင်းတွေ ဖွင့်မယ်။ ပထမဦးဆုံးအနေနဲ့တော့ ရန်ကုန်မှာဖွင့်မယ်။ ပြီးရင် မန္တလေးတို့၊ ကချင် တို့မှာလည်း သင်တန်းတွေ ဖွင့်လှစ်သွားပါမယ်။ ဒီနှစ်အတွင်း ရန်ကုန်မှာ သင်တန်းတွေ စနိုင်ဖို့ညှိနှိုင်းမှုတွေလည်း လုပ်နေပါတယ်”ဟု ၎င်းက ပြောဆိုသည်။ အောင်လအင်န်ဆန်း သည် လက်ရှိတွင် မတ်လ၌ ယှဉ်ပြိုင်မည့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ ထိုးသတ်ရန် ဇန်န၀ါရီ ပထမပတ်မှစတင်၍ ဖလော်ရီဒါရှိ Hard Knocks 365 MMA သင်တန်းတွင် လေ့ကျင့်ပြင်ဆင်မှုများ ပြုလုပ်လျက်ရှိသည်။

အောင်လအင်န်ဆန်းသည် မတ် ၃၁ ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ A New Era အမည်ဖြင့် ကျင်းပမည့် MMA ပြိုင်ပွဲတွင် ဂျပန်ဖိုက်တာ ဟာဆီဂါဝါနှင့် မစ်ဒယ်ဝိတ်တန်းချန်ပီယံကာကွယ်ပွဲ ထိုးသတ်မည်ဖြစ်ပြီး မြန်မာ့စပါးအုံး ဟု ကျော်ကြားသည့် အောင်လအင်န်ဆန်းသည် MMA ပြိုင်ပွဲတစ်လျှောက် ၃၄ ပွဲယှဉ်ပြိုင်ရာတွင် ၂၄ ပွဲ နိုင်၊ ၁၀ ပွဲ ရှုံးနိမ့်ထားသည်။

-Ref:Thestandardtime