အမိမြေမှာ ပထမဆုံး စတင်ကစားရမှာဖြစ်လို့ ပြောမပြနိုင်အောင် ပျော်နေတဲ့ တီရဲလ်ထန်

ကိုအောင်လကို ယုံကြည်လို့ လေ့ကျင့်ရေးဆရာအဖြစ် ရွေးချယ်ခဲ့တာ ဖြစ်တယ်လို့ တီရဲလ်ထန်က ပြောပါတယ်။

MMA ပရော်ဖက်ရှင်နယ် ပထမဆုံးပွဲကို ပထမဆုံး ထိုးသတ်ရတဲ့ ပွဲက အမိမြေ မြန်မာနိုင်ငံ ဖြစ်နေလို့ ပြောမပြ အောင် ပျော်နေမိတယ်လို့ တီရဲလ်ထန်က ဒီကနေ့ မီဒီယာတွေနဲ့ အွန်လိုင်းက တဆင့် တွေ့ဆုံမှုမှာ ပြောခဲ့ပါတယ်။

“ကျွန်တော်၂၀၁၃ လောက်မှာ MMA စကစားတယ်၊ ၃ ပတ်အကြာမှာ ပထမဆုံးပွဲ ကစားဖြစ်တယ်၊ ဒါပေမယ့် အခုမတိုင်ခင်အထိ ကစားခဲ့တာတွေက အပျော်တမ်း အဆင့် ပြိုင်ပွဲတွေသာဖြစ်ပါတယ်။အခုတစ်ကြိမ်ကတော့ ပရော်ဖက်ရှင်နယ်ပြိုင်ပွဲလည်း ဖြစ်တယ်။နောက်ပြီး ဒီပွဲကို မြန်မာနိုင်ငံမှာ စတင်ရမှာ ဖြစ်တဲ့အတွက် အရမ်းကိုပျော်ပြီး ဘာပြောလို့ ပြောရမှန်းတောင် မသိတော့ပါဘူး။” လို့ တီရဲလ်ထန်က ပြောခဲ့တာပါ။

တီရဲလ်ထန်က အောင်လအန်ဆန်ဆီမှာ ပညာသင်ယူရင်း သူ့ရဲ့ လေ့ကျင့်ရေး ဆရာအဖြစ် သတ်မှတ်ထား သူလည်း ဖြစ်ပါတယ်။

“ အခြား ထရိန်နာတွေလည်း ကောင်းကြပါတယ်၊ ဒါပေမယ့် ကျွန်တော်က ကိုအောင်လကို ယုံကြည်တယ်၊ သူ ကျွန်တော့်ကို အများကြီး ကူညီတယ်၊ဒါကြောင့် သူ့ကို ကျွန်တော် ရွေးချယ်ရခြင်းဖြစ်တယ်။” လို့လည်း တီရဲလ်ထန်က အောင်လအန်ဆန်ကို လေ့ကျင့်ရေး ဆရာအဖြစ် ရွေးချယ်ရခြင်းအပေါ် ပြောသွားပါတယ်။

တီရဲလ်ထန်နဲ့ တွေ့ဆုံမယ့် ဖိုက်တာက ကမ္ဘောဒီးယားဖိုက်တာ ရင်းဆာရုဒ်ဖြစ်ပြီး MMA ၉ ပွဲအထိ အတွေ့အကြုံ ရှိသူပါ။

 ၆ ပွဲရှုံးထားပြီး ၃ ပွဲနိုင်ထားကာ နောက်ဆုံးထိုးသတ်ထားတဲ့ ပွဲမှာတော့ ရှုံးနိမ့်ထားတာ တွေ့ရပါတယ်။ ဒီကစားသမားရဲ့ အားသာချက် အားနည်းချက်တွေကိုလည်း ဆရာ တပည့် နှစ်ယောက် လေ့လာမှုတွေ ပြုလုပ်နေပြီး ကိုယ်တိုင်ကတော့ Ground Fight ရော Stand Fight ရော နှစ်ခုစလုံးကို ကျွမ်းကျင်ပိုင်နိုင်အောင် လေ့ကျင့်ထားတယ်လို့လည်း တီရဲလ်ထန်က ဆိုပါတယ်။

တီရဲလ်ထန်ထိုးသတ်မယ့် One Championship ရဲ့ MMA ပွဲကိုတော့ မြန်မာနိုင်ငံမှာ လာမယ့် မတ်လ ၈ ရက် နေ့တွင် ကျင်းပသွားမှာဖြစ်ပြီး အခြားသောမြန်မာ ဖိုက်တာတွေ ဖြစ်တဲ့ ဖိုးသော်နဲ့ အန်တိုနီယာတို့လည်း အသီးသီး ပါဝင်ကြမှာပါ။ 

Source: Duwun