အမေရိကန်-မြောက်ကိုရီးယားအစည်းအဝေး ဗီယက်နမ်၌ ကျင်းပမည်ဖြစ်ကြောင်း ထရမ့် ကြေညာ

ဝါရှင်တန် ဖေဖော်ဝါရီ ၆

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်သည် ဖေဖော်ဝါရီ ၅ ရက်က နိုင်ငံတော်အခြေပြု မိန့်ခွန်းတစ်ရပ်ကို ပြောကြားရာတွင် မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းနှင့် ဒုတိယအကြိမ်ထိပ်သီး အစည်းအဝေးကို ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ဗီယက်နမ်နိုင်ငံ၌ ကျင်းပသွားမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အောက်လွှတ်တော် အစည်းအဝေးတစ်ခုတွင် မိန့်ခွန်းပြောကြားရာ၌ ထရမ့်က သံခင်းတမန်ခင်း ဆက်ဆံရေး အသစ်တစ်ရပ်၏ အစိတ်အပိုင်းတစ်ခုဖြစ်သည့် ကိုရီးယားကျွန်းဆွယ်အရေး ငြိမ်းချမ်းမှု ရရှိစေမည့် သမိုင်းဝင် ဆောင်ရွက်ချက်တစ်ရပ် ကို ဆက်လက်အကောင်အထည်ဖော်သွားမည်ဟု ပြောကြားခဲ့သည်။

လုပ်ဆောင်ရမည့် ကိစ္စအများအပြားကျန်ရှိနေသေးကြောင်း၊ သို့သော် ကင်ဂျုံအန်း နှင့် မိမိ၏ ဆက်ဆံရေး အခြေအနေ ကောင်းမွန်ကြောင်း၊ ခေါင်းဆောင်ကင်နှင့် လာမည့် ဖေဖော်ဝါရီ ၂၇ ရက်မှ ၂၈ ရက်အထိ ဗီယက်နမ်၌ တွေ့ဆုံမည်ဖြစ်ကြောင်း ထရမ့်က ဆက်လက် ပြောကြားခဲ့သည်။

သမ္မတထရမ့်နှင့် ခေါင်းဆောင်ကင်တို့သည် ပြီးခဲ့သည့်နှစ် ဇွန် ၁၂ ရက်က စင်ကာပူ၌ ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ ကြပြီး အမေရိကန်နှင့် မြောက်ကိုရီးယား ဆက်ဆံရေး တိုးတက်မှုကို ဆောင်ကြဉ်းပေးနိုင်မည့် ဘုံသဘောတူညီမှု အချို့ ရရှိခဲ့သည်။

သို့သော်လည်း နှစ်နိုင်ငံအကြားတွင် နျူကလီးယားလက်နက်လျှော့ချမှုအတိုင်း အတာနှင့် မြောက်ကိုရီးယား နိုင်ငံအပေါ် အမေရိကန်က ပိတ်ဆို့နေမှုများ အပါအဝင် အခြားသော အဓိကကျသည့် အကြောင်းကိစ္စများတွင် သဘောထားကွဲလွဲမှုများ ကျန်ရှိ နေဆဲဖြစ်ကြောင်းသိရသည်။   

ဆင်ဟွာ