အာရှဖလား ဗိုလ်လုပွဲတွင် ကာတာ နှင့် ဂျပန် ယှဉ်ပြိုင်ရမည်
ယူအေအီးကို လေးဂိုးပြတ် အနိုင်ရခဲ့သော ကာတာ သည် အီရန်ကို သုံးဂိုးပြတ်အနိုင် ရခဲ့သော ချန်ပီယံလေးကြိမ် ဂျပန် နှင့် သောကြာနေ့တွင် အာရှဖလား ဗိုလ်လုပွဲ၌ ရင်ဆိုင်ရမည်ဖြစ်သည်။
၂၀၂၂ ကမ္ဘာ့ဖလားအိမ်ရှင် ဖြစ်လာမည့် ကာတာသည် အာရှဖလားခြောက်ပွဲစလုံးနိုင်ပြီး ပေးဂိုးမရှိခဲ့ဘဲ ယင်းပြိုင်ပွဲတွင် ပေးဂိုး မရှိသော ပွဲအားလုံးနိုင်သည့် ပထမဆုံး နိုင်ငံဖြစ်လာသည်။
ကာတာနည်းပြ ဖီးလစ်ဆန်းချက်ဇ်က ပေးဂိုးမရှိခြင်းသည် အလွန်အရေးပါပြီး မိမိတို့ ဗိုလ်လုပွဲသို့ တက်လှမ်းနိုင်ခြင်း ၏ အဓိက အကြောင်းရင်းများအနက် တစ်ခု ဖြစ်သည်ဟု ပြောသည်။
၂၀၁၉ ကိုပါအမေရိက ဖလားတွင် ပါဝင်ရန် ဂျပန်နှင့်ကာတာတို့ကို ဖိတ်ခေါ်ထားသည်။
ကာတာကို ဂိုးပြတ်ရှုံးနိမ့်သဖြင့် ယူအေအီးပရိသတ်များကို တောင်းပန်လိုကြောင်း ယူအေအီး နည်းပြ အဲလ်ဘာတို ဇက်ချာရိုနီ က ပြောသည်။
ယင်းပွဲတွင် ကာတာကစားသမားများကို ယူအေအီးပရိသတ်များက ဖိနပ်များဖြင့် ပစ်ပေါက်ခဲ့သည်။ ယင်းဖြစ်ရပ်နှင့် ပတ်သက်၍ အာရှဘောလုံးအဖွဲ့ချုပ် (AFC) က စတင်စုံစမ်းစစ်ဆေးနေ သည်ဟု ပြောသည်။
ဂျပန်နှင့်ပွဲမတိုင်မီ သွင်းဂိုး ၁၂ ဂိုးရှိပြီး ပေးဂိုးမရှိခဲ့သော အီရန်မှာ ဂျပန်နည်းပြ မိုရီယာဆု၏ ပြောင်မြောက်သော ပွဲအစီအစဉ်ကြောင့် သုံးဂိုးပြတ်ဖြင့် ရှုံးနိမ့်ခဲ့သည်။
ဂျပန်အသင်းခေါင်းဆောင် ယိုရှီဒါက ဗိုလ်လုပွဲ၌ ကာတာကို ရင်ဆိုင်ရာတွင် အီရန်နှင့်ပွဲထက် ပို၍ ကြိုးစားရန် လိုသည်ဟု ပြော သည်။
ယူအေအီးကို နိုင်သောပွဲတွင် တစ်ဂိုးသွင်းယူခဲ့သည့် ကာတာလူငယ်တိုက်စစ်မှူး အလီက မိမိတို့၏ ဦးတည်ချက် သည် လှပသော ဂိုးတစ်ဂိုးသွင်းယူရန်ထက် ပိုကြီးမားသည်ဟု ပြောသည်။
—Ref: Foxsports/AP