ရွေးကောက်ပွဲကျင်းပရန် ထိုင်းဘုရင်က အမိန့်ထုတ်ပြန်

ဗန်ကောက် ဇန်နဝါရီ ၂၃

ထိုင်းနိုင်ငံ၌ ကာလရှည်ကြာ စောင့်ဆိုင်းနေခဲ့ရသည့် အထွေထွေရွေးကောက်ပွဲကို ကျင်းပရန် ထိုင်းဘုရင်က အမိန့် ထုတ်ပြန်လိုက်ကြောင်း သိရသည်။ ထိုင်းနိုင်ငံ၏ ဒုတိယဝန်ကြီးချုပ်က လာမည့် မတ်လ ၂၄ ရက်တွင် ကျင်းပနိုင်ဖွယ် ရှိကြောင်း ပြောကြားခဲ့သည်။

ထိုင်းဘုရင် မဟာဗာဂျီယာ လောင်ကွန်းသည် ဗုဒ္ဓဟူးနေ့တွင် တော်ဝင်အမိန့်တစ်ရပ်ကို ထုတ်ပြန်ခဲ့သည်။ ရွေးကောက်ပွဲ ဖြစ်မြောက်ရေးအတွက် ခိုင်မာတိကျပြတ်သားသည့် ခြေလှမ်းတစ်ရပ်ကို စတင်ရန် ၎င်းက တိုက်တွန်းထားသည်။
ထိုင်းနိုင်ငံ၌ ၂၀၁၄ ခုနှစ် အာဏာသိမ်းခဲ့ချိန်မှ စတင်ကာ တပ်မတော်က အစိုးရအဖွဲ့ကို ထိန်းချုပ်ထားသည်။ စစ်ဘက်က ဦးဆောင်သည့် အစိုးရအဖွဲ့သည် အာဏာကို အရပ်သားအစိုးရထံသို့ လွှဲပြောင်းပေးရန်အတွက် ရွေးကောက်ပွဲတစ်ရပ် ကျင်းပမည်ဟု အလေးအနက် ကတိပေးအပ်ခဲ့သည်။ သို့သော်လည်း ရွေးကောက်ပွဲကို မကြာခဏ ရွှေ့ဆိုင်းခဲ့သည်။

အစိုးရအဖွဲ့က ရွေးကောက်ပွဲ ကျင်းပရန် နောက်ဆုံးရက်စွဲ သတ်မှတ်ခဲ့မှုကို ရွှေ့ဆိုင်းလိုက်ပြီးနောက် ယခုလ အတွင်း ရွေးကောက်ပွဲနှောင့်နှေးကြန့် ကြာမှုအပေါ် ဆန္ဒပြမှုများ ပျံ့နှံ့ခဲ့သည်။

ထိုင်းနိုင်ငံသည် ရွေးကောက်ပွဲ အပြီးတွင် ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်ရောက်နိုင်ဖွယ်ရှိမရှိနှင့် ပတ်သက်၍ သံသယများ ပေါ်ထွက်လျက်ရှိသည်။

တပ်မတော်အကြီးအကဲဟောင်း တစ်ဦးဖြစ်သည့် ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာက နိုင်ငံကို ၎င်းက ဆက်လက် ဦးဆောင်မည်ဟု အရိပ်အမြွက် ပြောကြားခဲ့ကြောင်း သိရသည်။

 

(ကြေးမုံ)