တစ်နှစ်တာအကောင်းဆုံး ကစားသမားအဖြစ် ရွှေကမ္ဘာလုံးဆုကို ရော်နယ်ဒို ငါးကြိမ်မြောက်ရရှိ

ဂျူဗင်တပ်မှ ပေါ်တူဂီ တိုက်စစ်မှူး ရော်နယ်ဒိုသည် ၎င်း၏ ပဉ္စမမြောက် တစ်နှစ်တာအကောင်းဆုံးဘောလုံးသမား ဆုဖြစ်သော ရွှေကမ္ဘာလုံးဆုကို ကြာသပတေးနေ့က လက်ခံရယူခဲ့သည်။

ပြီးခဲ့သည့် နွေရာသီက ရီးရဲလ်မှ ဂျူဗင်တပ်သို့ ပြောင်းရွှေ့ခဲ့သည့် ရော်နယ်ဒိုသည် ဒူဘိုင်းမြို့ မာဒီနတ်ဂျူမေးရာ့ခ်ျ အပန်းဖြေစခန်းတွင် ကြာသပတေးနေ့က ပြုလုပ်သော ဆုပေးပွဲသို့ တက်ရောက်ကာ ရွှေကမ္ဘာလုံးဆုကို လက်ခံရယူခဲ့သည်။

ရော်နယ်ဒိုသည် ယင်းဆုကို ပြင်သစ်ကစားသမားများ ဖြစ်သော ဂရစ်ဇ်မန်းနှင့် မက်ဘီတို့ကို ကျော်၍ ရရှိခြင်း ဖြစ်သည်။ ‘‘၂၀၁၈ ဟာ မယုံနိုင်စရာ နှစ်တစ်နှစ်ပါ။ ကျွန်တော့်ရဲ့ ကလပ်အသစ် ဖြစ်တဲ့ ဂျူဗင်တပ်အတွက် ဆုတံဆိပ်တွေ အများကြီး ထပ်ရဖို့ ကျွန်တော်မျှော်လင့်ပါတယ်’’ ဟု ရော်နယ်ဒိုက ပြောသည်။

၂၀၁၈ တစ်နှစ်တာအကောင်းဆုံးနည်းပြဆုကို ပြင်သစ် အသင်းအား ကမ္ဘာ့ဖလားရအောင် စွမ်းဆောင်ပေးခဲ့သည့် ဒက်စ်ချမ့်က ရရှိခဲ့ပြီး ကစားသမားဘဝ အကောင်းဆုံးဆုကို ဘရာဇီး တိုက်စစ်မှူးဟောင်း ရော်နယ်ဒို နာဇာရီယို ဒီလီမာက ရရှိသည်။

အက်သလက်တီကိုမှာ ရီးရဲလ်နှင့် လီဗာပူးတို့ကို ကျော်ဖြတ်၍ တစ်နှစ်တာအကောင်းဆုံး ကလပ်ဆုကို ရရှိပြီး နည်းပြဘဝ အကောင်းဆုံးဆုကို အီတလီနည်းပြဟောင်း ကာပယ်လိုက ရရှိသည်။

၂၀၁၈ အတွက် အကောင်းဆုံး အေးဂျင့်ဆုကို ရော်နယ်ဒို၊ မော်ရင်ဟိုနှင့် ဒီဂီယာ၊ ဒီယေဂိုကော်စတာတို့၏ အပြောင်းအရွှေများကို တာဝန်ယူထားသည့် ဂျော့ခ်ျမန်ဒက်စ်က ရရှိသည်။

၂၀၁၈ ၏ တစ်နှစ်တာအကောင်းဆုံး သွင်းဂိုးဆုကို ရွှေကမ္ဘာလုံးဆုငါးခု ပိုင်ရှင်ရော်နယ်ဒိုကပင် ရရှိခဲ့သည်။

—Ref:AS