အဆိုးဆုံးမှတ်တမ်းနဲ့ မန်ယူ၊ သတင်းထောက်အမေးကြောင့် ဒေါသထွက်ခဲ့တဲ့ မော်ရင်ဟို
မန်ယူဟာ လီဗာပူးကို အဝေးကွင်းမှာ ၃-၁ နဲ့ရှုံးနိမ့်ပြီးနောက် ပရီးမီးယားလိဂ်သမိုင်းမှာ အဆိုးဆုံးမှတ်တမ်းကို ရရှိခဲ့တယ်လို့သိရပါတယ်။ မန်ယူဟာ ၁၇ ပွဲကစားပြီးချိန်မှာ ၂၆ မှတ်သာ ရရှိသေးတဲ့အတွက် အဆိုးဆုံးသော ရာသီဖြစ်ခဲ့တာပါ။ မန်ယူဟာ ပရီးမီးယားလိဂ် မစတင်မီတစ်နှစ်အလိုဖြစ်တဲ့ ၁၉၉၀-၉၁ ဘောလုံးရာသီမှာ အဆိုးဆုံး မှတ်တမ်းရရှိခဲ့တာတောင် ၁၇ ပွဲ ပြီးချိန်မှာ ၂၄ မှတ်သာဖြစ်ခဲ့ပါတယ်။
အခုဆိုရင် မန်ယူဟာ ၂၉ ဂိုးပေးထားရတဲ့အတွက် ပြီးခဲ့တဲ့ ရာသီကဒုတိယ ရရှိစဉ် တစ်ရာသီလုံးပေးခဲ့ရတဲ့ ဂိုးအရေအတွက်ထက် တစ်ဂိုးပိုခဲ့ပါတယ်။ဒါ့အပြင် လီဗာပူးဟာ မန်ယူကို ၁၉ မှတ် ဖြတ်ထားနိုင်တဲ့အတွက် ၁၇ ပွဲ ပြီးချိန်မှာ လီဗာပူးအတွက် မန်ယူကို အမှတ်အပြတ်ဆုံး ဦးဆောင်နိုင်မှုလည်းဖြစ်ခဲ့ပါတယ်။
ဒါ့အပြင် လီဗာပူးဟာ ၂၀၁၁ မတ်လနောက်ပိုင်းမှာ မန်ယူကို ပထမဆုံးအကြိမ်ဂိုးပြတ် အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်ပါတယ်။ လီဗာပူးဟာ ခြေစွမ်းအသာစီးရခဲ့တာ မှန်ပေမယ့် ရှာကီရီသွင်းယူခဲ့တဲ့ ၂ ဂိုးကတော့ ကံကောင်းမှုလည်းပါခဲ့ပြီး မန်ယူကစားသမားတွေနဲ့ထိကာ လမ်းကြောင်း ပြောင်းဝင်သွားတာဖြစ်ပါတယ်။
ပွဲအပြီးမှာ မော်ရင်ဟိုဟာ Sky Sports သတင်းငှာနက သတင်းထောက် ရှီရီဗက်စ်ရဲ အမေးကို ဒေါသအကြီးအကျယ် ထွက်ခဲ့တယ်လို့လည်း သိရပါတယ်။ ရှီရီဗက်စ်က မော်ရင်ဟိုကို မန်ယူရဲ့ အခြေအနေကို ပြောင်းနိုင်မလားလို့ မေးတာကို ချန်ပီယံမဖြစ်တော့ပေမယ့် ထိပ်ဆုံး ၄ သင်းထဲတော့ ၀င်နိုင်လောက်တယ်လို့ ဖြေခဲ့ပါတယ်။
ဒါကို ရှီရီဗက်စ်က ကစားသမားတွေရဲ့ထောက်ခံမှုကို ဆက်ရမှာလားလို့ ထပ်မေးတာကို မော်ရင်ဟိုက ဒေါသထွက်ပြီး ဒီမေးခွန်းဟာ ကစားသမားတွေရဲ့ဂုဏ်သိက္ခာကို ထိုခိုက်စေတာလို့ ပြန်ဖြေသွားပါတယ်။ သူက”ကစားသမားတွေကို ကလပ်က လစာပေးထားတာလေ။သူတို့ဘက်က အပြည့်အ၀ပေးဆပ်ရမှာပေါ့။ ခင်ဗျားရဲ့အမေးက ကစားသမားတွေကို မရိုးသားဘူးလို့ ပြောလိုက်တာဘဲ။ ကျုပ်ကတော့ ဒီလိုဘယ်တော့မှ မမြင်ဘူး”လို့ ပြောသွားပါတယ်။
90Minutes