ထိပ်ဆုံးလေးသင်းဝင်ပါက အံ့သြစရာကိစ္စဖြစ်မည်ဟု မန်ယူနည်းပြ မော်ရင်ဟို ပြောကြား

မိမိတို့အနေဖြင့် ထိပ်ဆုံးလေးသင်းစာရင်းဝင်ရောက်ကာ ရာသီအဆုံးသတ်နိုင်ပါက အံ့ဩဖွယ်ရာကိစ္စ ဖြစ်လာမည်ဟု မန်ယူနည်းပြ မော်ရင်ဟိုက ပြော သည်။

ဒီဇင်ဘာ ၁ ရက်က ဆောက်သမ်တန်နှင့် နှစ်ဂိုးစီသရေကျခဲ့ပြီးနောက် မန်ယူသည် ၂၂ မှတ် ဖြင့် အဆင့် (၇)တွင် ရှိနေပြီး အဆင့် (၄)ရှိ အာဆင်နယ်ကို လိုက်မီရန် ရှစ်မှတ်လိုနေသည်။

အကယ်၍ မန်ယူသည် ယင်းအမှတ်ကွာဟမှု လျှော့ချလိုပါက ဒီဇင်ဘာ ၅ ရက်ည ကစားမည့် အာဆင်နယ်နှင့်ပွဲ၌ မဖြစ်မနေ အနိုင်ကစားရမည်ဖြစ်သည်။

နည်းပြ အမ်မရီ၏ အာဆင်နယ်သည် နောက်ဆုံးကစားခဲ့သော ပြိုင်ပွဲစုံ ၁၉ ပွဲတွင် ရှုံးပွဲမရှိသေးပေ။

နိုဝင်ဘာ ၂၄ ရက်က ခရစ္စတယ်ပဲလေ့စ်နှင့် ဂိုးမရှိသရေကျ ပြီးနောက် ဒီဇင်ဘာလမကုန်မီ အဆင့် (၄)အတွင်း ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း မော်ရင်ဟိုက ပြောကြားသည်။

သို့သော် ယခုအချိန်တွင် မော်ရင်ဟိုက ‘‘အမှတ်တွေရနိုင်သမျှ ရဖို့ နိုင်ပွဲရဖို့ ကြိုးစားမယ်။ အ ဆင့် (၄) အတွင်း ဝင်နိုင်ရင်တော့ အံ့ဩစရာတစ်ခုဖြစ်မှာပါ’’ဟု ဘရာဇီး ရုပ်သံလိုင်းတစ်ခုနှင့် တွေ့ဆုံမေးမြန်းရာတွင် ဖြေကြားခဲ့သည်။

ထို့အပြင် မန်ယူကွင်းလယ် လူဟာရဲရားကလည်း ထိပ်ဆုံးလေးသင်းစာရင်း ဝင်ရေးထက် တစ်ပွဲချင်းအနိုင်ရအောင် အာရုံ စိုက်သင့်ကြောင်း ပြောကြားထားသည်။

ထိုအတောအတွင်း ချယ်လ်ဆီးသည် အသင်းခေါင်းဆောင် ဆီဆာအက်ဇ်ပီလီကျူတာ (၂၉) နှစ်ကို ၂၀၂၂ အထိ ရှိနေမည့် လေးနှစ်သက်တမ်းတိုးစာချုပ်တွင် လက်မှတ်ရေးထိုးခဲ့သည်။

‘‘၂၀၂၂ အထိ ချယ်လ်ဆီးအသင်းသားဖြစ်ခွင့်ရမှာ ဝမ်းသာပါတယ်။ ဒီကိုရောက်ကတည်းက ကျွန်တော့်မှာ အမြဲရှိတဲ့ ဆန္ဒကတော့ အသင်းကို အကောင်းဆုံးပေးဆပ်ဖို့ပါ။ အောင်မြင်မှုတွေ ပိုရအောင်လုပ်ပေးဖို့ တာဝန်ရှိ တယ်လို့ ကျွန်တော်ခံစားရပါတယ်’’ဟု ၂၀၁၂ က မာဆေးလ်မှ ပြောင်းရွှေ့လာပြီးနောက် ချယ်လ်ဆီးတွင် ၂၉၈ ပွဲ ကစားထားသူ ပီလီကျူတာက ပြောကြားသည်။

—Ref: BBC/AP