ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ်သန်း ၆,၀၀၀ ကျော်သုံးစွဲမှု ဥပဒေနှင့်ညီ၊မညီ ပြည်ခိုင်ဖြိုးအမတ် မေးမြန်း

နိုင်ငံတော်သမ္မတရုံး၏ အထူးရန်ပုံငွေမှ ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ်သန်း ၆,၀၀၀ ကျော် သုံးစွဲမှု ဥပဒေနှင့် ညီ၊ မညီ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်က လွှတ်တော် သို့ မေးခွန်းမေးမြန်းထား ကြောင်း ယနေ့ (နိုဝင်ဘာ ၂၀ ရက်တွင်)ကျင်းပမည့် ပြည်သူ့လွှတ်တော် အစည်းအဝေး အစီအစဉ် လျာထားချက်၌ ပါရှိသည်။

ပြည်ခိုင်ဖြိုးအမတ် ဒေါက်တာမောင်သင်းက ဆိုရှယ်မီဒီယာ စောင့်ကြည့်ရေး ကျပ် ၆,၄၂၆သန်း သုံးစွဲခြင်းသည် မည်သူများက မည်သည့်ဥပဒေအရ မည်သည့် အတိုင်းအတာထိ မည်သို့သော အကြောင်းအရာများကို စောင့်ကြည့်၍ မည်သို့ အပြစ်ပေးအရေးယူမည်ဖြစ်ပြီး ဤလုပ်ငန်းစဉ်သည် ဖွဲ့စည်းပုံအခြေခံ ဥပဒေအပါအ၀င် တည်ဆဲဥပဒေများနှင့် ညီညွတ်မှုရှိ၊ မရှိ၊ နိုင်ငံတော် သမ္မတရုံး၏ အထူးရန်ပုံငွေ သုံးစွဲမှု မူဝါဒနှင့် ကိုက်ညီမှု ရှိ၊ မရှိသိလိုကြောင်း မေးမြန်းထားသည်။

ယင်းနှင့်ပတ်သက်၍ ဒေါက်တာမောင်သင်းအား မေးမြန်းရာ ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေအရ တားမြစ် ထားမှုကြောင့် သက်ဆိုင်ရာ တာဝန်ရှိသူက လွှတ်တော်သို့ လာရောက်ဖြေကြား ပြီးမှသာ မှတ်ချက်ပေးနိုင်မည် ဖြစ်ကြောင်း နိုဝင်ဘာ ၁၉ ရက်တွင် ပြောသည်။ အင်တာနက် (သို့မဟုတ်) ဆိုရှယ်မီဒီယာ အသုံးပြုပြီး နိုင်ငံတော် တည်ငြိမ်အေးချမ်းရေးကို ထိခိုက်နစ်နာစေရန် ပြုလုပ်နေသူများ ကို ရှာဖွေဖော်ထုတ်နိုင်ရေး ကျပ်သန်း ၆,၄၀၀ ကျော်အသုံးပြုထားကြောင်း ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန့်စင်မောင်က ၂၀၁၇ မတ်လတွင် ပြည်ထောင်စုလွှတ်တော်သို့ လာရောက် ရှင်း လင်းခဲ့သည်။

ပြည်ထောင်စု၏ ဘဏ္ဍာငွေအရ၊ အသုံးဆိုင်ရာ ဥပဒေပါ အရေးပေါ် ရန်ပုံငွေမှ ကျပ် ၆,၄၂၆ သန်း ခွဲ ဝေသုံးစွဲသည့် ကိစ္စနှင့်ပက်သက်၍ ၀န်ကြီးက ရှင်းလင်းခဲ့သည်။ ဆိုရှယ်မီဒီယာ အသုံးပြုပြီး နိုင်ငံတော်တည် ငြိမ်အေးချမ်းရေး ထိခိုက်နစ်နာစေရန် ပြုလုပ်နေသူများကို ဖော်ထုတ်နိုင်ရေး ဆိုရှယ်မီဒီယာများကို ဥပဒေနှင့်အညီ စောင့်ကြည် ထိန်းကျောင်းမှု ပြုလုပ်နိုင်ရေးအဖွဲ့(Social Media Monitoring Team-SMMT) ကိုဖွဲ့စည်းထားပြီး ယင်းအဖွဲ့အ တွက်   လိုအပ်သည့် စက်ပစ္စည်းများ၊ ဆော့ဖ်ဝဲများ ၀ယ်ယူရန် အသုံးပြုခဲ့သည်ဟု ဆိုသည်။

ပြည်သူ့လွှတ်တော်က အတည်ပြုသည့် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခများ ဖြစ်ပေါ်လာစေရန် လူမှုကွန်ရက်တွင် အမုန်းစကား လှုံ့ဆော်မှု များပြားလာသဖြင့် အိုင်တီနည်း ပညာအသုံးပြုမှုကို လိုအပ်သလို စောင့်ကြည့်ရေး အဆိုကို အကောင်အထည် ဖော်သည့်အနေဖြင့် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ၀န်ကြီးက ပြောသည်။