နျူသဘောတူညီချက် ဆွေးနွေးရန် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့် အီရန်နိုင်ငံသို့ ရောက်ရှိ

တီဟီရန်မြို့တွင် ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်နှင့် တွေ့ဆုံနေသော အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက်ဂျာဗက်ဇာရစ် (Fars News website/Handout via REUTERS)

 

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဂျယ်ရီမီဟန့်သည် တနင်္လာနေ့တွင် အီရန်နိုင်ငံသို့ ရောက်ရှိလာပြီး ၂၀၁၅ နျူသဘောတူညီချက် အနာဂတ်အပါအဝင် အခြားအကြောင်းအရာများကို အီရန် အာဏာပိုင်များနှင့် ဆွေးနွေးမည် ဖြစ်ကြောင်း အီရန်မီဒီယာများက ဖော်ပြသည်။

နိုင်ငံခြားရေးဝန်ကြီး တာဝန် စတင်ထမ်းဆောင်ကတည်းက အီရန်သို့ ပထမဆုံးရောက်လာသော ဂျယ်ရီမီဟန့် သည် အီရန် နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗတ်၊ အမျိုးသားလုံခြုံရေး ကောင်စီ အကြီးအကဲ အလီရှမ်ခါနီနှင့် တွေ့ဆုံမည်ဟု နိုင်ငံပိုင် ရုပ်သံသတင်းဌာနက ဖော်ပြသည်။

 မေလတွင် အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်သည် ၂၀၁၅ အီရန် နျူသဘောတူညီချက်မှ နုတ်ထွက်ပြီးနောက် ယခုလဆန်း၌ ဝါရှင်တန်အစိုးရက အီရန်၏ ရေနံ၊ ဘဏ်လုပ်ငန်းနှင့် သယ်ယူပို့ဆောင်ရေး ကဏ္ဍများအပေါ် ပစ်မှတ်ထား၍ ပြန်လည် အရေးယူပိတ်ဆို့ခဲ့သည်။

အဆိုပါ သဘောတူညီချက် အရ ၂၀၁၅ တွင် အီရန်နိုင်ငံက နျူစီမံကိန်းများကို ရပ်ဆိုင်းခဲ့ပြီး အပြန်အလှန်အားဖြင့် အနောက် နိုင်ငံများကလည်း အီရန်အပေါ် ချမှတ်ထားသည့် အရေးယူ ပိတ်ဆို့မှုများကို ပြန်လည်ဖြေလျှော့ ပေးခဲ့သည်။

၂၀၁၅ အီရန်သဘောတူညီချက်တွင် ပါဝင်လက်မှတ်ရေးထိုးခဲ့သော ဥရောပသမဂ္ဂ၊ ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ရုရှားနှင့် တရုတ် တို့ကလည်း အမေရိကန် နုတ်ထွက်ပြီးနောက် ယင်းသဘောတူညီချက်၏ အနာဂတ်နှင့် ပတ်သက်၍ နည်းလမ်းများ ရှာဖွေနေသည်။

 ‘‘အီရန် နျူသဘောတူညီချက်က အီရန်ရဲ့ နျူခြိမ်းခြောက်မှုကို ဖယ်ရှားခြင်းအားဖြင့် အရှေ့ အလယ်ပိုင်းဒေသ တည်ငြိမ်အေးချမ်းရေး အဓွန့်ရှည်ဖို့ အရေးပါပါတယ်’’ဟု ဂျယ်ရီမီဟန့်က အီရန် ခရီးစဉ်မတိုင်မီ ပြောကြားခဲ့သည်။

အဆိုပါခရီးစဉ်တွင် ဂျယ်ရီမီဟန့်သည် ဆီးရီးယားနှင့် ယီမင် ပဋိပက္ခများအတွင်း အီရန်အစိုးရ၏ အခန်းကဏ္ဍ အပြင် ၎င်းတို့ ဖမ်းဆီးထားသည့် ဗြိတိန်-အီရန် နိုင်ငံသားခံယူထားသူများကို ချက်ချင်းလွှတ်ပေးရန် တောင်းဆိုမည် ဖြစ်သည်။

—Ref: Reuters