ကယ်လီဖိုးနီးယား တောမီးများအတွင်း ပျောက်ဆုံးသူ ထောင်ဂဏန်းထိ မြင့်တက်လာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်တွင် တောမီး လောင်ကျွမ်းမှုများ ဖြစ်ပွားအပြီး ပျောက်ဆုံးနေသူ ဦးရေမှာ ထောင်ဂဏန်းထိ မြင့်တက်လာကြောင်း သိရသည်။

ပြည်နယ်သမိုင်းတွင် အသေအပျောက် အများဆုံး စာရင်းဝင် တောမီး ဖြစ်လာသည့် Camp Fire အပါအဝင် ကယ်လီဖိုးနီးယား၌ အနည်းဆုံး တောမီးသုံးခု တပြိုင်တည်းလိုလို ပျံ့နှံ့ ကူးစက် လောင်ကျွမ်းခဲ့သည်။ တောမီးများကို စတင် ထိန်းချုပ်စ ပြုလာနိုင်သော်လည်း Camp Fireကိုမူ ၅၀ ရာခိုင်နှုန်း ပြည့်အောင်ပင် မတားဆီးနိုင်သေးချေ။

ဘက်တေ ဒေသတွင် လောင်ကျွမ်းသော Camp Fireကြောင့် အနည်းဆုံး လူ ၇၆ ဦးထိ သေဆုံးခဲ့ပြီး အိမ်ခြေ ၉၇၀၀ ကျော် ပြာကျသွားခဲ့သည်။ တောမီး လောင်ကျွမ်းသည့် နေ့ရက်များ ကြာမြင့် လာခြင်းနှင့်အတူ ပျောက်ဆုံးနေသည့် ကိန်းဂဏန်းမှာလည်း တရိပ်ရိပ် မြင့်တက်လာပြီး ယခုအခါ ၁၂၀၀ ကျော်ထိ ရောက်ရှိလာသည်။ ပျောက်ဆုံးနေသူ အများစုသည် သက်ကြီးရွယ်အိုများ ဖြစ်ကြောင်းလည်း ကယ်ဆယ်ရေး အဖွဲ့များက အတည်ပြုခဲ့သည်။

“ကြေကွဲဖို့ ကောင်းလွန်းပါတယ်။ ပြောစရာ စကားတောင် ရှာမရဘူး။ ထိခိုက်သေကြေမှုတွေ၊ ပျောက်ဆုံးမှုတွေက ဘယ်လောက်ထိ မြင့်တက်လာဦးမလဲ ဆိုတာလည်း မခန့်မှန်းနိုင်သေးဘူး။ ဒီလို ဆိုးရွားတဲ့ သဘာဝ ဘေးအန္တရာယ် တစ်ခုကို လက်ခံ ရင်ဆိုင်ဖို့ဆိုတာ လူတိုင်းအတွက် ခက်ခဲ ပြင်းထန်လွန်းပါတယ်”ဟု ဘက်တေခရိုင် ရဲတပ်ဖွဲ့ မှုခင်းဆေးပညာရှင် ကိုရီ ဟိုနီရာက ပြောကြားခဲ့သည်။ 

မီးလောင်ပြင်အဖြစ် ကြွင်းကျန်နေသော ဧရိယာများတွင် ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဝန်ထမ်းများ၊ မှုခင်းစုံထောက်များက သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေနေရဆဲ ဖြစ်သည်။ မီးပုံပွဲ တစ်ခုမှ စတင်သည်ဟု ထောက်လှမ်း သိရှိထားသော Camp Fire တောမီးသည် မြေဧကပေါင်း နှစ်သောင်းမျှ ပမာဏကို ဝါးမျို ဖျက်ဆီးခဲ့ကြောင်း သိရသည်။

Ref: CNN