ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှောဖလှယ်ပွဲကျင်းပ

ဖြူး၊ နိုဝင်ဘာ ၁၅

ပဲခူးတိုင်းဒေသကြီး ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟိုအမျိုးသမီးညီလာခံအကြို နှီးနှော ဖလှယ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီရုံးတွင် ကျင်းပခဲ့ရာ အစီအစဉ်အရ အခမ်းအနားကို နှစ်ပိုင်းခွဲ၍ ကျင်းပခဲ့သည်။

ပထမပိုင်းအစီအစဉ်အရ အခမ်းအနားဖွင့်လှစ်ကြောင်း ကြေညာပြီး သဘာပတိများနေရာယူခြင်း၊ နိုင်ငံတော် သီချင်းဖြင့် နိုင်ငံတော်အလံအား အလေးပြုခြင်း၊ သဘာပတိများက အဖွင့်အမှာစကားပြောကြားခြင်း၊ ဖြူးမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးခင်မောင်စိုးက အဖွင့်အမှာစကား ပြောကြားခြင်းနှင့် ဦးကိုကိုကျာ် (ဒုတိယဗိုလ်မှူးကြီး/ငြိမ်း) က အမှာစကားပြောကြားရာတွင် ၂ဝ၁၈ ကြားဖြတ်ရွေးကောက်ပွဲအခြေအနေ များကို သုံးသပ်ပြပြီး လာမည့် ၂ဝ၂ဝ ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီ အနိုင်ရရှိရေးအတွက် ပါတီဒေသ တာဝန်ခံများနှင့် ရပ်/ကျေးဥက္ကဋ္ဌများ၊ စည်းရုံးရေးမှူးများ၊ အမျိုးသမီးကိုယ်စားလှယ်များ တက်ညီလက်ညီ စည်းရုံးဆောင်ရွက်ကြရန် ဆွေးနွေးမှာကြားပြီး ပထမပိုင်းအခမ်းအနားကို ခေတ္တရပ်နားခဲ့သည်။

နံနက်၁ဝ နာရီတွင် ဒုတိယပိုင်း အခမ်းအနားကို ဆက်လက်ကျင်းပရာ အစီအစဉ်အရအစုအဖွဲ့လိုက် ဆွေးနွေးချက် စာတမ်းကို ဖတ်ကြားခြင်း၊ အစုအဖွဲ့လိုက် ဆွေးနွေးချက်များအား အတည်ပြုကြောင်း ကြေညာခြင်း၊ ပဲခူးတိုင်း ဒေသကြီး ဗဟိုအမျိုးသမီးညီလာခံအကြိုနှီးနှောဖလှယ်ပွဲ တက်ရောက်မည့် ကိုယ်စားလှယ်များ အမည်စာရင်းအား ကြေညာခြင်း၊ မြို့နယ်ဥက္ကဋ္ဌက နိဂုံးချုပ်အမှာစကားပြောကြားခြင်းများပြုလုပ်ကာ နံနက် ၁၁ နာရီခွဲတွင် အခမ်းအနားကို ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့သည်။

အခမ်းအနားသို့ တောင်ငူခရိုင် ပြည်ခိုင်ဖြိုးပါတီမှ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်မေမြတ်သွယ်နှင့် ခရိုင်ကော်မတီ ဝင်များ၊ ဖြူးမြို့နယ် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ ဦးကိုကိုကျော် (ဒုတိယ ဗိုလ်မှူးကြီး/ငြိမ်း)နှင့် ဇနီးဒေါ်မြင့် မြင့်ထွဏ်း၊ ဖြူးမြို့နယ်ဒေသတာဝန်ခံများ၊ ပါတီအမျိုးသမီးရေးရာကိုယ်စားလှယ်များ၊ ရပ်/ကျေး ဥက္ကဋ္ဌများနှင့် စည်းရုံးရေးမှူးများ စုစုပေါင်းလူအင်အား ၁၅ဝ ကျော် တက်ရောက်ခဲ့ကြောင်း သိရသည်။

ကျော်ဆွေဝင်း (ရွှေအင်း)