ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ဒုသမ္မတ မိုက်ပင့်စ် ဘင်္ဂါလီအရေးဆွေးနွေး

Myanmar’s State Counsellor Aung San Suu Kyi and U.S. Vice President Mike Pence hold a bilateral meeting in Singapore, November 14, 2018. REUTERS/Athit Perawongmetha

နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန် ဒုတိယသမ္မတ မိုက်ပင့်စ်နှင့် ယမန်နေ့ (နိုဝင်ဘာ ၁၄ ရက်)တွင် စင်ကာပူ၌ သီးသန့်တွေ့ဆုံဆွေးနွေးခဲ့သည်။ အာဆီယံထိပ်သီးအစည်း အဝေးတက် ရောက်ရန် စင်ကာပူ သို့ ရောက်ရှိနေသော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အမေရိကန်ဒုသမ္မတသည် ဘင်္ဂါလီ ဒုက္ခသည်အရေးနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး သမ္မတထရန့်လက်ထက်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်ထိပ်တန်း အဆင့်မြင့်ပုဂ္ဂိုလ်တို့ ပထမဆုံး တွေ့ဆုံခြင်းဖြစ်သည်။

‘‘ဘင်္ဂလားဒေ့ရှ်ကို ဘင်္ဂါလီ (မူရင်းတွင် ရိုဟင်ဂျာ) ခုနစ်သိန်းကို မောင်းထုတ်ခဲ့တဲ့ တပ်မတော်နဲ့ ရပ်ရွာလုံခြုံရေး ဆောင်ရွက်သူတွေရဲ့ အကြမ်းဖက်မှု၊ နှိပ်စက်ညှဉ်းပန်းမှုတွေက ခွင့်လွှတ်နိုင် စရာမရှိပါဘူး’’ဟု မိုက်ပင့်စ်က ဒေါ်အောင်ဆန်းစုကြည်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲပြုလုပ်စဉ် ပြောကြားသည်။ လူဦးရေ သိန်းချီနေရပ်စွန့်ခွာခြင်းနှင့် ဘဝဆုံးရှုံးခြင်း အပါအဝင်  ဆင်းရဲဒုက္ခရောက်စေရန် ဖန်တီးလုပ်ဆောင်ခဲ့သည့် အကြမ်းဖက်မှုများ အတွက် တာဝန်ယူမှုရှိစေရန် မြန်မာအစိုးရ ကိုင်တွယ်ဖြေရှင်းနေသော တိုးတက်မှုများကို ကြားသိရန် လိုလား ကြောင်း မိုက်ပင့်စ်က ဆက်လက်ပြောကြားသည်။

ယင်းသို့ အမေရိကန် ဒုသမ္မတ၏ ပြောကြားမှုအပေါ် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လူ တိုင်းတွင် အမြင်အမျိုးမျိုးရှိနိုင်ပြီး ယင်းအမြင်များကို ဖလှယ်သင့် ကြောင်းနှင့် နားလည်မှု တည် ဆောက်ရန် ကြိုးစားခြင်းက ပိုမိုကောင်းမွန်ကြောင်း တုံ့ပြန်သည်။ ‘‘ဘယ်နိုင်ငံကမှ ကျွန်မတို့ နိုင်ငံအပေါ် ကျွန်မတို့ လောက် နားလည်မှာ မဟုတ်ဘူးဆိုတာ ပြောနိုင်ပါတယ်။ အလားတူပဲရှင်တို့ကလည်း ရှင်တို့နိုင်ငံအပေါ် တခြားသူတွေ ထက်ပိုနားလည်တယ်ဆိုတာ ကျွန်မ ပြောနိုင်ပါတယ်’’ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် အထက်ပါခေါင်း ဆောင်နှစ်ဦး တွေ့ဆုံမှုတွင် ရိုက်တာ သတင်းထောက်နှစ်ဦးအား ဖမ်းဆီးထောင်ချ ထားသည့်ကိစ္စကိုလည်း ထည့်သွင်းဆွေးနွေးပြီး တံခါးပိတ် ဆွေးနွေးပွဲတွင် ဒေါ်အောင်ဆန်းစုကြည်၏ တုံ့ပြန်မှုနှင့် ပတ်သက်၍ အိမ်ဖြူတော် ပြောခွင့်ရပုဂ္ဂိုလ်က မှတ်ချက်ပေးရန် ငြင်းဆန်သည်။ ရိုက်တာ သတင်းထောက် နှစ်ဦးကို ထောင်ဒဏ်ချမှတ်ခြင်းသည် သန်းပေါင်းများစွာသော အမေရိကန်ပြည်သူများအားများစွာ စိုးရိမ်သောက ရောက်စေကြောင်းနှင့် မြန်မာနိုင်ငံ၌ ဒီမိုကရေစီနည်းကျ လွတ်လပ်သော သတင်းမီဒီယာကို အမေရိကန်အစိုးရက မြင် တွေ့လိုကြောင်း မိုက်ပင့်စ် ပြောကြားသည်။

နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် ယမန်နေ့တွင် အာဆီယံ-ဩစတြေးလျခေါင်းဆောင်များ အလွတ်သဘော နံနက်စာစားပွဲ၊ (၂၁)ကြိမ်မြောက် အာဆီယံ-တရုတ်ထိပ်သီး အစည်းအဝေး၊ အကြိမ်(၂၀)မြောက် အာဆီယံ-ကိုရီးယား ထိပ်သီးအစည်းအဝေး၊ တတိယအကြိမ်မြောက် အာဆီယံ​- ရုရှားအစည်းအဝေး၊ (၂၁)ကြိမ်မြောက် အာဆီယံ-ဂျပန် ထိပ်သီးအစည်းအဝေးတို့သို့ တက်ရောက်ခဲ့ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံးက သတင်း ထုတ်ပြန်သည်။

ထို့အပြင် ဒေါ်အောင်ဆန်းစု ကြည်သည် အာဆီယံနှင့် Eura-sian Economic Commission (EEC) အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲ၊ ဒုတိယအကြိမ်မြောက် ဒေသတွင်း ဘက်စုံပူးပေါင်း ဆောင်ရွက်မှု ထိပ်သီးအစည်း အဝေးတို့ကို တက်ရောက်ခဲ့ ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြ သည်။

ကိုးကား- NBC, The Washington Post