လူနေအိမ်တစ်လုံး ဒုံးကျည် ထိမှန်သည့်နောက် ဂါဇာရှိ စစ်သွေးကြွများကို အစ္စရေး လက်တုံ့ပြန်

ဂါဇာကမ်းမြှောင်ဒေသမှ ပစ်ခတ်လိုက်သော ဒုံးကျည်တစ်စီး အစ္စရေး လူနေရပ်ကွက်ထဲ ကျရောက် ပေါက်ကွဲခဲ့သည့်နောက် အစ္စရေး စစ်တပ်က လက်တုံ့ပြန် ပစ်ခတ်ခဲ့ကြောင်း သိရသည်။

အောက်တိုဘာ ၁၇ ရက် ဖြစ်စဉ်တွင် ဂါဇာရှိ စစ်သွေးကြွများ ပစ်ခတ်ခဲ့သော ဒုံးကျည်သည် အစ္စရေး တောင်ပိုင်းမှ လူနေအိမ် တစ်လုံးကို ထိခိုက် ပျက်စီးသွားစေခဲ့သည်။ ထို့နောက် အစ္စရေး စစ်တပ်က ဂါဇာရှိ စစ်သွေးကြွ ပစ်မှတ်များကို ချက်ချင်းလိုလို လေကြောင်းမှ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့သည်။

ဂါဇာမှ ဒုံးကျည်များ တက်လာပြီးနောက် ဘီရာရှီဘာ ဒေသတွင် အချက်ပေး ဥဩသံများ မြည်ဟည်းလာပြီး ဒေသခံများက ဗုံးခိုကျင်းများထဲ ယာယီ တိမ်းရှောင်ခဲ့ကြသည်။ ဒုံးကျည် ထိမှန်ခံရသော နေအိမ်တွင် နေထိုင်သော အမျိုးသမီး တစ်ဦးနှင့် သူမ၏ ကလေးသုံးဦးမှာ ထိတ်လန့် တုန်လှုပ်နေသဖြင့် ဆေးအဖွဲ့များက ကူညီနှစ်သိမ့် ကုသပေးခဲ့ရကြောင်း အစ္စရေး စစ်တပ်က ဆိုသည်။

ဂါဇာရှိ စစ်သွေးကြွများ ပစ်လွှတ်လိုက်သည့် အခြားဒုံးကျည် တစ်စီးမှာမူ အစ္စရေး ကမ်းလွန် ပင်လယ်ပြင်ထဲ ကျရောက်ပြီး ထိခိုက် ဒဏ်ရာရသူ မရှိခဲ့ချေ။ ထိုဖြစ်ရပ် အပြီးတွင် အစ္စရေး စစ်ဦးစီးချုပ်သည် အမေရိကန်သို့ ရောက်ရှိနေရာမှ ချက်ချင်း လှည့်ပြန်လာခဲ့သည်။

ညနေပိုင်းတွင်ပင် အစ္စရေး တိုက်လေယာဉ်များသည် ဂါဇာတွင် ဗုံးများ ကြဲချခဲ့ပြီး အနည်းဆုံး စစ်သွေးကြွတစ်ဦး သေဆုံးကြောင်း ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အခြားစစ်သွေးကြွ သုံးဦးလည်း ဒဏ်ရာများ ရခဲ့သည်။

ဘီရာရှီဘာတွင် အစ္စရေး လူနေအိမ်ခြေများ ဖြန့်ကျက်လာသည့်နောက်ပိုင်း ယခုတစ်ကြိမ် ပထမဆုံး ဒုံးကျည် ခြိမ်းခြောက်မှု အန္တရာယ် ကြုံလာခြင်း ဖြစ်သည်။ အစ္စရေးသည် ဂါဇာကို အဓိက ထိန်းချုပ်ထားသည့် ဟားမားစ် စစ်သွေးကြွ အုပ်စုများနှင့် ခါးသီးသော ရန်ဘက်သဖွယ် အစဉ်တစိုက် ရပ်တည်လျက်ရှိသည်။

Ref: Fox News