ငွေလက်ခံဘောင်ချာများကို အွန်လိုင်းမှရောင်းချနိုင်

ငွေလက်ခံဘောင်ချာတွေ ရောင်းဝယ်နိုင်တဲ့ အွန်လိုင်းဈေးကွက်ဖြစ်တဲ့ KyoPay နည်းပညာကို အောက်တိုဘာလ ၄ ရက်မှာ စတင် မိတ်ဆက်လိုက်ပါတယ်။ “အသေးစားနဲ့ အလတ်စား စက်မှုလက်မှုလုပ်ငန်းတွေအနေနဲ့ သူတို့ ရရှိဖို့ရှိတဲ့ ဘောင်ချာတွေကို Kyo Pay မှာ ဘောင်ချာတန်ဖိုးထက် လျှော့ရောင်းတာ (ဒါမှမဟုတ်) လျှော့ဈေးနဲ့ ရောင်းချခြင်းအားဖြင့် ငွေအမြန်ပေါ်စေမှာပါ၊ မြန်မာနိုင်ငံရဲ့ SME တွေမှာ အဖြစ်များတဲ့ ပြဿနာတစ်ခုက ငွေပေးချေမယ့် ကုမ္ပဏီတွေက သူတို့ ချမှတ်ထားတဲ့ မူဝါဒတွေနဲ့ လုပ်ထုံးလုပ်နည်းတွေအရ ငွေပေးချေမှု ကာလကို အချိန်ကြာကြာ သတ်မှတ်ထားပါတယ်။

အဲ့အတွက် ငွေကြေးခက်ခဲမှုတွေရှိပြီး လုပ်ငန်းဆက်လက် လည်ပတ်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်ရပါတယ်။ ဒီ အခက်အခဲတွေကိုဖြေရှင်းဖို့အတွက် SME တွေရထားတဲ့ Receivable Invoice တွေကို Online Platform ကနေ တဆင့် ရောင်းနိုင်ဝယ်နိုင်ဖို့အတွက် Kyopya ကို မိတ်ဆက်ပေးလိုက်တာပါ” လို့ KyoPay ရဲ့ CEO Mr.Harsh Nathany က ပြောပါတယ်။ Kyo Pay ဆိုတာက မြန်မာနိုင်ငံရှိ စီးပွားရေး လုပ်ငန်းတွေရဲ့ Receivable Invoice တွေကို လုံခြုံစိတ်ချရသော နည်းလမ်းနဲ့ ငွေကြေး ပေါ်ပေါက်လာစေတဲ့ Digital Platform အဖြစ်ဆောင်ရွက်တာ ဖြစ်ကြောင်း၊ www.kyopay.com ဝက်ဘ်ဆိုက်လိပ်စာကနေတစ်ဆင့် Invoice တွေကို ရောင်းချ၊ ဝယ်ယူခြင်းတွေ ပြုလုပ်နိုင်မှာဖြစ်ကြောင်း သိရပါတယ်။

” Customer တွေ ဘောင်ချာတွေ ရောင်းဝယ်တဲ့အခါ အကျိုးအမြတ်တွေကို စိတ်ချလုံခြုံမှု ရှိစေရန် ကျွန်မတို့ KyoPay က CB Bank မှာ သီးသန့်အကောင့်တစ်ခု ဖွင့်လှစ်ထားပါတယ်။ ဘယ်ငွေ ကောက်ခံရရှိမှုကိုမဆို ဒီသီးသန့် အကောင့်ကို ဖြတ်ရမှာပါ။ ငွေကြေးလွှဲပြောင်းဆောင်ရွက်ခွင့်တွေကို Customer တွေရဲ့ ညွှန်ကြားချက် နဲ့ သဘောတူညီချက် ဆန္ဒမပါမရှိပဲ ပြုလုပ်သွားမှာ မဟုတ်ပါဘူး ” လို့ KyoPay မှ မဂျူလီယာက ပြောပါတယ်။ KyoPay ပေါ်မှာ သိန်း ၃၀၀ တန်ဖိုးရှိ ဘောင်ချာအထိ အရောင်းအဝယ် ပြုလုပ်နိုင်မှာဖြစ်ပြီး ရောင်းသူ၊ ဝယ်သူဘက်မှ သတ်မှတ်ထား သော ဝန်ဆောင်ခကို ပေးရမှာဖြစ်ပါတယ်။

-သန္တာ