ဗဟိုအတွင်းရေးမှူးနှင့် ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ တွေ့ဆုံ

 

ဖျာပုံ အောက်တိုဘာ ၃

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဗဟိုအတွင်းရေး မှူး ဦးသန်းထွန်းက ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီကော်မတီဝင်များ နှင့် ဖျာပုံ၊ ဘိုကလေး၊ ဒေးဒရဲ၊ ကျိုက်လတ်မြို့နယ် ပြည်ခိုင်ဖြိုး ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူး၊မြို့နယ် ပါတီကော်မတီဝင်များ၊ အရန်ပါတီ ကော်မတီဝင်များနှင့် ယမန်နေ့နံနက် ၁၁ နာရီတွင် ဖျာပုံခရိုင် ပြည်ခိုင် ဖြိုးပါတီသင်တန်း ကျောင်းခန်းမ၌ တွေဆုံခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ရှေးဦးစွာ ဖျာပုံခရိုင် ပြည်ခိုင်ဖြိုးပါတီဥက္ကဋ္ဌ ဦးစန်းမောင်က ဖျာပုံခရိုင်အတွင်းရှိ ပါတီအသီးသီးတို့၏စည်းရုံးဆောင် ရွက်မှုနှင့် ပါတီ၏ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းပြော ကြားခဲ့ကြောင်း သိရသည်။

ဆက်လက်၍ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဗဟို အတွင်းရေးမှူး ဦးသန်းထွန်းက ”ခရိုင်နှင့် မြို့နယ်ပါတီကော်မတီဝင်များ အနေဖြင့်တာဝန်ယူမှု၊ တာဝန်ခံမှုစိတ်ဓာတ် အပြည့်အဝနှင့် မိမိတို့မြို့နယ်အလိုက်ပါတီ၏ လုပ်ငန်းစဉ်များကို ကြိုးစားပြီးလုပ်ဆောင်ရန် လိုအပ်ပါကြောင်း၊ မိမိတို့ မြို့နယ်အလိုက် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် ပြည်သူများ၏ လို အပ်ချက်များအား တတ်စွမ်းသမျှဆောင်ရွက် ပေးသွားကြရန်လိုပါကြောင်း၊ မိမိတို့မြို့နယ် အလိုက် ပြည်ခိုင်ဖြိုးပါတီ၏စည်းလုံးညီညွတ်မှု အားဖြင့်စည်းရုံးဆောင်ရွက်ကြစေလိုကြောင်း” တိုက်တွန်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ပါတီဗဟိုအလုပ်အမှုဆောင် ဧရာဝတီတိုင်းဒေသကြီးပါတီဥက္ကဋ္ဌဦးဉာဏ်လင်း က ပါတီလုပ်ငန်းစဉ်များအား အစဉ်တစိုက် ကြိုးစားဆောင်ရွက်ကြရန် တိုက်တွန်းပြော ကြားခဲ့ပြီးနောက် တွေ့ဆုံပွဲသို့ တက်ရောက်လာ သော ဖျာပုံမြို့၊ ဘိုကလေးမြို့၊ ကျိုက်လတ်၊ ဒေးဒရဲမြို့နယ်ပြည်ခိုင်ဖြိုးပါတီများမှ မိမိတို့ မြို့နယ်အတွင်း ကဏ္ဍအလိုက်ဆောင်ရွက်နေမှု များအား ဗဟိုအတွင်းရေးမှူးထံ တင်ပြခဲ့ ကြောင်း သိရသည်။

တွေ့ဆုံပွဲသို့ ဗဟိုအတွင်းရေးမှူး၊ တိုင်း ဒေသကြီးပါတီ ဥက္ကဋ္ဌနှင့် ပါတီကော်မတီများ၊ ခရိုင်နှင့်မြို့နယ်ပါတီဥက္ကဋ္ဌနှင့် ပါတီကော်မတီ ဝင်များတက်ရောက်ခဲ့ကြောင်းသိရသည်။

ကျော်စိုးမိုး(ဖျာပုံ)