ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး စီမံကိန်း ‘မိုဒီကဲယား’ ကို အိန္ဒိယ စတင်
နယူးဒေလီ၊ စက်တင်ဘာ ၂၄
ဆင်းရဲသား ပြည်သူ သန်း ၅၀၀ ခန့်ကို လွှမ်းခြုံပေးနိုင်မှာ ဖြစ်တယ်လို့ ၀န်ကြီးချုပ် နာရန္ဒြာမိုဒီ ပြောထားတဲ့ ကမ္ဘာ့အကြီးဆုံး ကျန်းမာရေး အာမခံ စီမံကိန်းကို အိန္ဒိယနိုင်ငံဟာ စက်တင်ဘာ ၂၄ ရက်မှာ စတင်လိုက်ပါတယ်။
‘မိုဒီကဲယား’ လို့ နာမည်ပေးထားတဲ့ ဒီစီမံကိန်းဟာ တော်တော်တန်တန် နာဖျားမကျန်းဖြစ်ရင် ကုသနိုင်ဖို့ ဆင်းရဲတဲ့ မိသားစုတိုင်းကို ရူပီ ငါးသိန်း(အမေရိကန်ဒေါ်လာ ၆၉၀၀) ငွေကြေးပံ့ပိုးပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ဗဟိုနဲ့ ၂၉ ပြည်နယ်အစိုးရအနေနဲ့ ဒီစီမံကိန်းအတွက် စုစုပေါင်း တစ်နှစ်ကို ဒေါ်လာ ၁ ဒဿမ ၆ သန်း အကုန်အကျခံ သုံးစွဲရနိုင်တယ်လို့ ခန့်မှန်းထားပါတယ်။ လိုလားချက် တစ်ဖြည်းဖြည်း များပြားလာတာကြောင့် ရန်ပုံငွေ ရရှိမှုလည်း တိုးလာမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
အရှေ့ပိုင်း ဂျဟာခန်းပြည်နယ် မြို့တော် ရန်ချီမှာ စီမံကိန်း စတင်ဖွင့်လှစ်ခြင်းအဖြစ် မိုဒီဟာ ဆေးဝါး စောင့်ရှောက်မှု ကတ်ပြားကို ကိုင်မြှောက်ပြီး ဒီကနေ့ဟာ အိန္ဒိယရဲ့ သမိုင်းဝင်နေ့တစ်နေ့ ဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ဒီစီမံကိန်းဟာ အိန္ဒိယက ဆင်းရဲသားပြည်သူအတွက် အရည်အသွေးအပြည့်နဲ့ လက်သင့်ခံနိုင်ဖွယ် ကျန်းမာရေး စောင့်ရှောက်မှုကို ပေးမယ့် ကြီးမားတဲ့ ခြေလှမ်းတစ်ရပ်ပဲလို့ မိုဒီက ပြောပါတယ်။
မိသားစုပေါင်း သန်း ၁၀၀ ကျော် ကျန်းမာရေး အကျိုးခံစားခွင့်ရမယ့် စီမံကိန်းလို့လည်း ဆိုပါတယ်။
အိန္ဒိယနိုင်ငံဟာ ဆေးရုံရှားပါးမှု၊ ဆရာဝန်မလုံလောက်မှုနဲ့ ပြည်သူ့ကျန်းမာရေးစနစ် ဆိုးဝါးမှုနဲ့ ရင်ဆိုင် နေရတာလည်း ဖြစ်ပါတယ်။
-Ref; AFP