တောင်နဲ့ မြောက်ကိုရီးယား သဘောတူညီမှုတွေ ရရှိ

(တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ကို မြောက်ကိုရီးယားနိုင်ငံ ပြုံးယမ်းမြို့မှာ ၂ဝ၁၈ ခုနှစ် စက်တင်ဘာလ ၁၉ ရက်နေ့က တွေ့ရစဉ်)

 တောင်ကိုရီးယား သမ္မတ မွန်းဂျေးအင်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအွန်းတို့ မနေ့က ဆွေးနွေးပွဲမှာ ကိုရီးယားကျွန်းဆွယ်ငြိမ်းချမ်းရေးအတွက် သဘောတူညီချက်တချို့ရရှိခဲ့ကြောင်း ကြေညာပါတယ်။

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအွန်းက သူတို့နိုင်ငံမှာ ၏ရှိတဲ့ ဒုံးပျံစမ်းသပ်ပစ်လွှတ် စခန်းတစ်ခုကို နိုင်ငံတကာစောင့်ကြည့်သူတွေရှေ့မှောက်မှာ ပိတ်သိမ်းပြသမှာဖြစ်ကြောင်းနဲ့ တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့ကို သူ မကြာခင် သွားရောက်လည်ပတ်မှာဖြစ်ကြောင်း ပြောကြားပါတယ်။

ဒါ့အပြင် တောင်နဲ့ မြောက်ကိုရီးယား ၂ နိုင်ငံအကြား ကွဲကွာနေကြတဲ့ မိသားစုတွေ အချိန်ကာလမရွေး တွေ့ဆုံနိုင်မယ့် ဌာနတစ်ခုထားရှိရေး၊ ၂ဝ၃၂ ခုနှစ် ဆောင်းရာသီ အိုလံပစ်ပွဲကို ပူးတွဲကျင်းပရေး နဲ့ ဆက်ဆံရေး တိုးမြှင့်ရေးတွေအတွက်လည်း သဘောတူညီခဲ့တယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ နျူကလီးယားစမ်းသပ်စခန်း အပြီးအပိုင် ဖျက်သိမ်းရေးကိစ္စကိုတော့ အမေရိကန်ပြည်ထောင်စုထံက တုံ့ပြန်ဆောင်ရွက်ချက်တချို့ရရှိမှ ဆောင်ရွက်မယ်လို့ ကင်ဂျုံအွန်း ကပြောပါတယ်။

အခုလို တောင်နဲ့ မြောက်ကိုရီးယားခေါင်းဆောင်တွေရဲ့ ဆွေးနွေးပွဲကနေ သဘောတူညီချက်တွေ ရရှိခဲ့တာကို အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပေးယိုက ကြိုဆိုလိုက်ပြီး ၂ဝ၂၁ ခုနှစ်အရောက်မှာ မြောက်ကိုရီးယား နိုင်ငံကို နျူကလီးယား ကင်းမဲ့ဒေသဖြစ်ရေးအတွက် ဆွေးနွေးပွဲတွေ ကျင်းပဖို့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အဆင်သင့်ရှိကြောင်း မနေ့က ပြောကြားလိုက်ပါတယ်။

-Ref; RFA