အဲဗာတန်အသင်း အမှတ်လျော့(သို့) ဒဏ်ငွေပြစ်ဒဏ်ချမှတ်ခံရဖွယ်ရှိ

အဲဗာတန်အသင်းဟာ ပြီးခဲ့တဲ့ရာသီက ၀က်ဖို့ဒ်အသင်းကို ကိုင်တွယ်နေတဲ့ မာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်မှုအတွက် အမှတ်လျော့(သို့)ဒဏ်ငွေပြစ်ဒဏ် ချမှတ်ခံရမယ့်အရေးနဲ့ ရင်ဆိုင်နေရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းအကြား ကာလရှည်အငြင်းပွားမှုဟာ ကြာသပတေးနေ့က The Times သတင်းစာရဲ့ ဖော်ပြမှုကြောင့် ပိုပြီးအရှိန်မြင့်တက် လာခဲ့ပါတယ်။ လွတ်လပ်တဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့ဟာ အဲဗာတန်အသင်းရဲ့ မာကိုဆေးလ်ဗားကို ခေါ်ယူခဲ့တာနဲ့ပတ်သက်ပြီး စတင်စစ်ဆေးနေပြီလို့ သတင်းတွေ ထွက်လာပါတယ်။ ၀က်ဖို့ဒ်အသင်းကတော့ ပြီးခဲ့တဲ့ရာသီက အဲဗာတန်ဟာ နည်းပြမာကိုဆေးလ်ဗားကို တရားမ၀င် ချဉ်းကပ်ခဲ့တယ်လို့ ဆိုခဲ့ပြီး ပရီးမီးယားလိဂ်ထံ တိုင်ကြားခဲ့ပါတယ်။

၂၀၀၅ ခုနှစ်က ချဲလ်ဆီးဟာ အက်ရှ်လေကိုးကို တရားမ၀င် ချဉ်းကပ်ပြီး ခေါ်ယူခဲ့တာကြောင့် ဆိုင်းငံ့(၃)မှတ်လျော့ ပြစ်ဒဏ်နဲ့ ပေါင်(၃၀၀၀၀၀) ဒဏ်ရိုက် ခံခဲ့ရပါတယ်။ ဒါ့အပြင် အက်ရှ်လေကိုး လည်း ပေါင်(၇၅၀၀၀) ဒဏ်ရိုက်ခံခဲ့ရပြီး အဲဒီအချိန်တုန်းက ချဲလ်ဆီးကို ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုလည်း အက်ရှ်လေကိုးနဲ့ တွေ့ဆုံခဲ့တဲ့အတွက် ပေါင်(၇၅၀၀၀) ဒဏ်ငွေဆောင်ခဲ့ ရပါတယ်။

ပြီးခဲ့တဲ့ ဇန်န၀ါရီလမှာတော့ ၀က်ဖို့ဒ်ဟာ အဲဗာတန်နဲ့ တရားမ၀င်တွေ့ဆုံမှုကို အကြောင်းပြပြီး နည်းပြ မာကိုဆေးလ်ဗားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။ အဲဗာတန်အသင်းကတော့ ဇွန်လရောက်မှ မာကို ဆေးလ်ဗားကို နည်းပြခန့်အပ်ခဲ့ပေမယ့် သူနဲ့ပတ်သက်ပြီး ကလပ်အသင်းနှစ်သင်းအကြား အငြင်းပွားမှုတွေ ရှိနေခဲ့တာပဲဖြစ်ပါတယ်။

-Ref; Sky sports