ကမ္ဘာ့လူဦးရေ သန်း ၈၀၀ ကျော်မှာ အစားအစာ ပြတ်လပ်မှုနဲ့ ရင်ဆိုင်နေရ
ရာမ၊ စက်တင်ဘာ ၁၂
၂၀၁၇ ခုနှစ်တွင် အစားအစာပြတ်လပ်ခြင်းနှင့် အာဟာရချို့တဲ့သော လူဦးရေဟာ မြင့်တက်ခဲ့ပြီး ၈၂၁ သန်းအထိ ရှိခဲ့ကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတစ်ရပ်က ဆိုပါတယ်။
အထူးသဖြင့် တောင်အမေရိကနဲ့ အာဖရိကတို့မှာ အာဟာရချို့တဲ့မှု ပိုများကြောင်း အစားအစာလုံခြုံရေးနှင့် အာဟာရပြည့်ဝရေးဆိုင်ရာ ကုလသမဂ္ဂရုံးက ထုတ်ပြန်ပါတယ်။
“သုံးနှစ်ဆက်တိုက်အတွက်ဆိုရင် ကမ္ဘာမှာ ဆာလောင်ငတ်မွတ်မှု မြင့်တက်နေပါတယ်။ အာဟာရချို့တဲ့ပြီး အစားအစာ လုံလောက်အောင် မရရှိတဲ့ ဦးရေဟာ ၂၀၁၇ မှာ ၈၂၁ သန်းအထိ ရှိနေပါတယ်။ ၂၀၁၆ ခုနှစ်က ၈၀၄ သန်းပဲ ရှိခဲ့တာပါ။”လို့ အဲဒီအစီရင်ခံစာက ဖော်ပြပါတယ်။
အာဖရိကမှာဆိုရင် လူဦးရေရဲ့ ၂၀ ရာခိုင်နှုန်း ၂၅၆ သန်းခန့်ဟာ အာဟာရမပြည့်ဝမှုနဲ့ ကြုံနေရတာပါ။ မိုးခေါင်တာတွေ၊ လက်နက်ကိုင်ပဋိပက္ခတွေ စတာတွေကြောင့် အကျပ်ဆိုက်နေတာပဲ ဖြစ်ပါတယ်။
လူဦးရေ ထူပြောတဲ့ အာရှဒေသရဲ့ ငတ်မွတ်မှုဦးရေကတော့ ၂၀၁၇ ခုနှစ်မှာ တစ်ဖြည်းဖြည်းကျဆင်းလာပြီး အကြမ်းဖျင်းအားဖြင့် ၅၁၅ သန်း သို့မဟုတ် လူဦးရေရဲ့ ၁၁ ဒဿမ ၄ ရာခိုင်နှုန်းက အစားအစာပြတ်လပ်မှုနဲ့ ကြုံနေရတယ်လို့ ဆိုပါတယ်။
EFE_EPA