MMA ကစားသမား အောင်လအန်ဆန် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထိုးသတ်ရမည်

ONE Championship မှ ကြီးမှူးကျင်းပလျက်ရှိသည့်MMA ပြိုင်ပွဲ၏ ဝိတ်တန်းနှစ်ခုချန်ပီယံ မြန်မာနိုင်ငံသား အောင်လ အန်ဆန်သည် အောက်တိုဘာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ယှဉ်ပြိုင် ထိုးသတ်မည် ဖြစ်သည်။

ယင်းပြိုင်ပွဲကို အောက်တိုဘာ ၂၆ ရက်တွင် ရန်ကုန်မြို့ရှိ အမျိုးသားအားကစားပြိုင်ပွဲရုံ-၁ သုဝဏ္ဏ၌ ကျင်းပမည် ဖြစ်ပြီး အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကာကွယ်ပွဲအဖြစ် လက်ဘနွန်နိုင်ငံသား မိုဟာမက်ကာရာကီ နှင့် ယှဉ်ပြိုင်ထိုးသတ်မည်ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ၂ဝ၁၇ ခုနှစ် ဇွန်လတွင် ရုရှားနိုင်ငံသား ဗစ်တာလီဘစ်ဒက်ရှ်ကို အနိုင်ယူပြီး ရရှိခဲ့ခြင်း ဖြစ်သည်။ အောင်လအန်ဆန်သည် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆုကို ရယူပြီးနောက်ပိုင်း ယခုနှစ် ဖေဖော်ဝါရီတွင် လိုက်ဟဲဗီးဝိတ် ကမ္ဘာ့ချန်ပီယံဆုကို ထပ်မံရယူနိုင်ခဲ့ပြီးONE ၏ ဝိတ်တန်းနှစ်ခု ကမ္ဘာ့ချန်ပီယံဆုရ ဒုတိယမြောက် ကစားသမားဖြစ်လာခဲ့သည်။

အောင်လအန်ဆန်သည် မစ်ဒယ် ဝိတ်တန်း ကမ္ဘာ့ချန်ပီယံ ဆုကာကွယ်ပွဲကို ဇွန်လကုန်က ထိုးသတ်ခဲ့ပြီး ဂျပန်နိုင်ငံသား ဟဆဲဂါဝါကို အကြိတ်အနယ် ထိုးသတ်ပြီး နောက်ဆုံးအချီကျမှ အနိုင်ရခဲ့သည်။ အောင်လ အန်ဆန်သည် လေးလအကြာတွင် မစ်ဒယ်ဝိတ်တန်း ကမ္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲ ထပ်မံထိုးသတ်ရခြင်းဖြစ်သည်။ အောင်လအန်ဆန် နှင့် ထိုးသတ်မည့် ကာရာကီ သည် ၂ဝ၁၂ ခုနှစ်တွင် MMAပြိုင်ပွဲများ စတင်ထိုးသတ်ခဲ့ပြီး ကိုးပွဲထိုးသတ်ရာတွင် ကိုးပွဲစလုံး အနိုင်ရထား သူဖြစ်သည်။

ထို့ကြောင့် အောင်လအန်ဆန်၏ မစ်ဒယ်ဝိတ်တန်းက္ဘာ့ချန်ပီယံဆု ကာကွယ်ပွဲမှာ အကြိတ်အနယ် ထိုးသတ်ရဖွယ် ရှိနေသည်။ အောင်လအန်ဆန်သည် ယခုနှစ်အတွင်း သုံးပွဲမြောက် ယှဉ်ပြိုင်ထိုးသတ်ခြင်း ဖြစ်ပြီး ပြီးခဲ့သည့် နှစ်ပွဲစလုံး အနိုင်ရထားကာ ယခုပွဲကိုလည်း ရန်ကုန်မြို့၌ ထိုးသတ်ရ မည်ဖြစ်သောကြောင့် မြန်မာပရိသတ်များ၏ တစ်ခဲနက်အားပေးမှုရဖွယ် ရှိနေသည်။

Myanmaalinn