ယူအက်စ်အိုးပင်းပြိုင်ပွဲမှာ ဂျိုကိုဗစ် အနိုင်ရဗိုလ်စွဲပြီး ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်လာ

ဆားဘီးယားနာမည်ကြီး တင်းနစ်ကစားသမား နိုဗတ် ဂျိုကိုဗစ်ဟာ တနင်္ဂနွေနေ့က ယူအက်စ်အိုးပင်း အမျိုးသား တစ်ဦးချင်းပြိုင်ပွဲ ဗိုလ်လုပွဲမှာ အာဂျင်တီးနားတင်းနစ်သမား ဟွမ်မာတင် ဒယ်လ်ပိုထရိုကို အနိုင်ရခဲ့ပြီး သူ့ရဲ့ ဂရင်းစလင်းပြိုင်ပွဲတွေမှာ ၁၄ ကြိမ်မြောက် ချန်ပီယံဖြစ်ခဲ့ပါတယ်။

အသက် ၃၁ နှစ်အရွယ်ရှိတဲ့ ဂျိုကိုဗစ်ဟာ ဗိုလ်လုပွဲမှာ အမှားနည်းခဲ့ပြီး အကောင်းဆုံးစွမ်းဆောင်နိုင်ခဲ့တာကြောင့် ပထမပွဲကို ဂျိုကိုဗစ်က ၆-၃၊ ဒုတိယပွဲရဲ့ Tie Break မှာ ၇-၆ နဲ့နိုင်ခဲ့ပြီး တတိယပွဲမှာလည်း ဂျိုကိုဗစ်ကပဲ ၆-၃ နဲ့ ဒယ်လ်ပိုထရိုကို ထပ်နိုင်ခဲ့လို့ ၃ ပွဲပြတ်နဲ့ နိုင်ခဲ့ပါတယ်။ ဒီဗိုလ်လုပွဲစဉ်ကို ၃ နာရီနဲ့ ၁၅ မိနစ်အထိ ကြာအောင် ကစားခဲ့ရပါတယ်။ ဂျိုကိုဗစ်နဲ့ ဒယ်လ်ပိုထရိုတို့ကြား ၁၉ ကြိမ်မြောက် တွေ့ဆုံထားပြီး ဂျိုကိုဗစ်က ၁၅ပွဲအထိ အနိုင်ရခဲ့ပါတယ်။ ဒယ်ပိုထရိုကတော့ ၂၀၀၉ ခုနှစ်မှာ ချန်ပီယံဖြစ်ပြီးနောက် ဗိုလ်လုပွဲအဆင့်ကို တက်လှမ်း  နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

ဂျိုဂိုဗစ်အနေနဲ့ ယူအက်စ်အိုပင်းပြိုင်ပွဲဗိုလ်လုပွဲကို ၈ ကြိမ်ကစားခဲ့ပြီး ၂၀၁၁ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ချန်ပီယံ ဖြစ်ထားခဲ့ပါတယ်။ ယခုနိုင်ပွဲကြောင့် ချန်ပီယံဆု ၃ ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ပြီး ပိဆမ်းပရပ်စ်ရဲ့ ဂရင်းစလင်း ၁၄ ကြိမ်မှတ်တမ်းကိုလည်း အမီလိုက်နိုင်ခဲ့ပါတယ်။

ဒါ့အပြင် ဂျိုကိုဗစ်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ၁ နှစ်ကျော်ကြာ အောင်မြင်မှုနဲ့ ဝေးကွာနေပြီးမှ ပြီးခဲ့တဲ့ ဝင်ဘယ်လ်ဒန်နဲ့ ယူအက်စ်အိုးပင်းပြိုင်ပွဲများမှာ နှစ်ခုဆက်တိုက်မှာ ချန်ပီယံဖြစ်ခဲ့တာပါ။

ယူအက်စ်အိုးပင်းချန်ပီယံဖြစ်တဲ့ ဂျိုကိုဗစ်က ဆုကြေးငွေ ဒေါ်လာ ၃.၈ သန်းရခဲ့ပြီး အသက် ၂၉ နှစ်ရှိ ဒယ်ပိုထရိုက ဒေါ်လာ ၁.၈၅ သန်း ရခဲ့ပါတယ်။ ယူအက်စ်အိုးပင်း အမျိုးသမီး တစ်ဦးချင်းပြိုင်ပွဲမှာတော့ ဂျပန်တင်းနစ်မယ် နာအိုမီ အိုဆာကာက ၆-၂၊ ၆-၄ နဲ့ ဆရီနာဝီလျံကို ပွဲပြတ်နိုင်ပြီး ချန်ပီယံဖြစ်ခဲ့ပါတယ်။ 

ဂျိုကိုဗစ်ရဲ့ ဂရန်းစလင်းချန်ပီယံ ၁၄ ကြိမ် အောင်မြင်မှု

သြစတြေးလျအိုးပင်း – ၂၀၀၈၊ ၂၀၁၁၊ ၂၀၁၂၊ ၂၀၁၃၊ ၂၀၁၅၊ ၂၀၁၆

ပြင်သစ်အိုးပင်း – ၂၀၁၆

ဝင်ဘယ်လ်ဒန် – ၂၀၁၁၊ ၂၀၁၄၊ ၂၀၁၅၊ ၂၀၁၈

ယူအက်စ်အိုးပင်း – ၂၀၁၁၊ ၂၀၁၅၊ ၂၀၁၈

ဂရင်းစလင်း အအောင်မြင်ဆုံးစာရင်း (အမျိုးသား တစ်ဦးချင်း)

ဖက်ဒါရာ – ၂၀ ကြိမ်

နဒါးလ် – ၁၇ ကြိမ်

ဂျိုကိုဗစ်၊ ပိဆမ်းပရပ်စ် – ၁၄ ကြိမ်

ရိုင်းအီမာဆန် – ၁၂ ကြိမ်

Ref; EFE-EPA, BBC