မြန်အောင်မြို့နယ် ပြည်ခိုင်ဖြိုးပါတီ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

 

မြန်အောင်၊ စက်တင်ဘာ ၎

ဧရာဝတီတိုင်းဒေသကြီး ဟင်္သာတခရိုင် မြန်အောင်မြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီသည် မြို့နယ်၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများနှင့်တွေ့ဆုံ၍ လစဉ်ပုံမှန် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီခွဲတွင် မြို့နယ်ပါတီရုံးခန်းမ၌ ကျင်းပခဲ့ သည်။
ရှေးဦးစွာ မြို့နယ်ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်က အမှာစကားပြောကြားရာတွင် မြို့နယ်ပါတီ၏ တစ်လတာအတွင်း လှုပ်ရှားဆောင်ရွက်ချက်များကို ဖတ်ကြားတင်ပြခဲ့ပြီး ပါတီ၏ ရှေ့ဆက်ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များနှင့် ၂ဝ၂ဝ ပါတီ အောင်နိုင်ရေးအတွက်လည်း အားလုံးဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် မြို့နယ်ပါတီအတွင်းရေးမှူး ဒေါ်ယဉ်မြတ်သူက မြို့နယ်ပါတီ၏ ရငွေ၊ သုံးငွေစာရင်းများကို ရှင်းလင်းတင်ပြခြင်း၊ ပါတီဝင်အမျိုးသမီးများ စာရင်းကို စနစ်တကျ ပြုစုထားရှိမှုနှင့် ၂ဝ၁၈ အမျိုးသမီးညီလာခံအကြို မြို့နယ်နှင့် တိုင်းဒေသကြီးတို့တွင် ကျင်းပမည့် နှီးနှော ဖလှယ်ပွဲများကျင်းပရန် ကြိုတင် ဆောင်ရွက်သင့်သည့်ကိစ္စများကို ဆွေးနွေးတင်ပြခဲ့သည်။ ဆက် လက်ပြီး မြို့နယ်ပါတီကော်မတီဝင်လူငယ်ရေးရာတာဝန်ခံ ဦးအောင်မျိုးဦးက ပါတီဝင်လူငယ်များ စနစ်တကျစုစည်းထားရှိမှုနှင့် မျိုးဆက်သစ်လူငယ်များ ပိုမိုဝင်ရောက်လာနိုင်ရေး ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားခဲ့သည်။
ထို့နောက် တက်ရောက်လာကြသော ရပ်ကျေးပါတီဥက္ကဋ္ဌများက မိမိတို့၏ နယ်မြေအခြေအနေများကို တင်ပြဆွေးနွေးကြရာ မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်က ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့သည်။ မွန်းလွဲပိုင်းတွင် မြို့နယ်ပါတီဥက္ကဋ္ဌ ဦးနေဝင်းဇော်နှင့် မြို့နယ်/အရန်ပါတီကော်မတီဝင်များက ယခုလအတွင်းဆောင်ရွက်ရန်နှင့် ဆောင်ရွက်ဆဲလုပ်ငန်းများနှင့်ပတ်သက်၍ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး အစည်းအဝေးကို ညနေ ၄ နာရီတွင် အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရသည်။
အစည်းအဝေးသို့ မြို့နယ်ပါတီကော်မတီဝင်များ၊ အရန်ပါတီကော်မတီဝင်များ၊ ရပ်ကျေးပါတီဥက္ကဋ္ဌများ၊ ပါတီဝင်အမျိုးသမီးများနှင့်လူငယ်များ စုစုပေါင်း ၇ဝ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဇင်မိုးလေး