ဂျပန်တွင် ၂၅ နှစ်အတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဝင်ရောက်တိုက်ခတ်
ဂျပန်နိုင်ငံတွင် ၂၅ နှစ်တာအတွင်း အားအပြင်းဆုံး တိုင်ဖွန်းမုန်တိုင်းတစ်ခု ဝင်ရောက် တိုက်ခတ်ခဲ့ကြောင်း သိရသည်။
စက်တင်ဘာ ၄ ရက်က တိုင်ဖွန်း ဂျက်ဘီသည် နိုင်ငံ အနောက်ပိုင်း ဒေသသို့ ကုန်းတွင်းဝင်ရောက် တိုက်ခတ်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ထုတ်ပြန်ခဲ့သည်။ ယင်းမုန်တိုင်း၏ လေတိုက်နှုန်းသည် အမြင့်ဆုံး အဆင့်တွင် တစ်နာရီ ၂၁၆ ကီလိုမီတာထိ ပြင်းထန်ခဲ့သည်။
ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက မုန်တိုင်း မတိုင်မီ ကတည်းက အဆိုပါ ဧရိယာ တဝိုက်တွင် နေထိုင်သူများကို ဘေးလွတ်ရာ အမြန်ဆုံး ရွှေ့ပြောင်းနိုင်ရေးအတွက် တာဝန်ရှိသူများနှင့် ပူးပေါင်း ဆောင်ရွက်ရန် တိုက်တွန်းခဲ့သည်။ ထို့အပြင် ပြည်သူများ မုန်တိုင်းဒဏ်သင့်မှု မကျရောက်စေရန် သက်ဆိုင်ရာ အစိုးရ အဖွဲ့အစည်းအားလုံး အစွမ်းရှိသမျှ လုပ်ဆောင်ပေးရန်လည်း ဝန်ကြီးချုပ်က တိုက်တွန်းခဲ့သည်။
မုန်တိုင်းကြောင့် ဂျပန်နိုင်ငံ အနောက်ပိုင်းတွင် စံချိန်တင် မိုးရေချိန် ပမာဏထိ မိုးသည်းထန်စွာ ရွာသွန်းမှုများ ဖြစ်ခဲ့သလို အိုဆာကာနှင့် ကျိုတိုကဲ့သို့ အဓိက မြို့ကြီးများတွင် လျှပ်စီးမုန်တိုင်းများ၊ လေဆင်နှာမောင်းများပါ ဖြစ်ပေါ်ခဲ့သည်။
မုန်တိုင်း၏ ဗဟိုချက်တွင် လေတိုက်နှုန်း တစ်နာရီ ၁၆၂ ကီလိုမီတာမျှထိ အားကောင်းနေပြီး ဂျက်ဘီသည် အလွန်ပြင်းထန်သည့် မုန်တိုင်းကြီး တစ်ခုအဖြစ် သတ်မှတ်နိုင်ကြောင်း ဂျပန် မိုးလေဝသ အေဂျင်စီက ဆိုသည်။ “ပြောရရင်တော့ ၁၉၉၃ နောက်ပိုင်း ဂျပန်မှာ ကြုံဖူးသမျှ အားအပြင်းဆုံး တိုင်ဖွန်းပါပဲ”ဟု မိုးလေဝသ ပညာရှင် ရူတာ ကူရိုရာက မှတ်ချက်ပေးခဲ့သည်။
မုန်တိုင်း ကုန်းတွင်း မဝင်ရောက်မီ ကတည်းက ဂျပန်၏ ပင်မ ကျွန်းကြီး တစ်ခုဖြစ်သည့် ရှင်ကာကူတွင် အလွန်ပြင်းထန်သည့် ရာသီဥတု အခြေအနေများ ကြုံခဲ့ရပြီး ဖြစ်သည်။ ဂျပန်သည် ယခုနှစ်အတွင်း ရာသီဥတု ဖောက်ပြန်မှုများနှင့် ကြုံနေရပြီး မကြာသေးမီ လပိုင်းကလည်း နိုင်ငံ အနောက်ပိုင်းနှင့် အလယ်ပိုင်းတွင် မိုးသည်းထန်ပြီး ရေကြီးမှု၊ အပူလှိုင်း ဖြတ်မှုများကြောင့် လူပေါင်း ၂၀၀ ကျော် အသက်ဆုံးရှုံးခဲ့သည်။
Ref: AFP