လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှု ပြန်စဖြစ်မှာ မဟုတ်လို့ ထရမ့်ပြော
ဝါရှင်တန်၊ သြဂုတ် ၃၀
လက်ရှိအချိန်မှာ တောင်ကိုရီးယားနဲ့ ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေကို ပြန်စဖြစ်ဖို့ အကြောင်းမရှိသေးဘူးလို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က သြဂုတ် ၂၉ ရက်မှာ ပြောလိုက်ပါတယ်။
ဒီအပြင်လည်း မြောက်ကိုရီးယားနဲ့ တင်းမာမှုတွေ လျော့ပါးအောင် တရုတ်က ကူညီခြင်း မရှိလို့လည်း အတိအလင်း ပြောပါတယ်။
“သမ္မတဟာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်နဲ့ သူ့ရဲ့ ဆက်ဆံရေးက အလွန်ကောင်းပြီး နွေးနွေးထွေးထွေး ရှိတယ်လို့ ယုံကြည်ထားတယ်။ အမေရိကန်-တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုတွေ လုပ်ဆောင်ပြီး ငွေအမြောက်အမြား ကုန်ကျခံဖို့လည်း လက်ရှိအချိန်မှာ အကြောင်းမရှိဘူး။”လို့ ထရမ့်က အိမ်ဖြူတော်မှ ထုတ်ပြန်ချက်ဆိုပြီး ခေါ်ဆိုထားတဲ့ တွစ်တာပို့စ်မှာ ရေးထားပါတယ်။
သြဂုတ် ၂၈ ရက်နေ့မှာ ပင်တဂွန်အကြီးအကဲ ဂျိမ်းမတ်တစ်က လာမယ့်နှစ်ဆို တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုကို ဆိုင်းငံ့ထားတာ ရှိတော့မှာ မဟုတ်ကြောင်း ပြောထားတာ ဖြစ်ပါတယ်။
ကင်ဂျုံးအန်နဲ့ ထရမ့်ရဲ့ ထိပ်သီးအစည်းအဝေးမှာ ကောင်းမွန်တဲ့ စိတ်ထားကို ဖော်ပြပြီး တောင်ကိုရီးယားနဲ့ စစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့မယ်လို့ ထရမ့်က ကြေညာခဲ့တာပါ။
ဒီအတွက် ပုံမှန်နွေကာလမှာ ပြုလုပ်နေကြဖြစ်တဲ့ Ulchi Freedom Guardian စစ်ရေးလေ့ကျင့်မှုကို ၀ါရှင်တန်နဲ့ ဆိုးလ်တို့က လေ့ကျင့်ပြုလုပ်ခဲ့ခြင်း မရှိခဲ့ပါဘူး။
ဒါပေမယ့် ကာကွယ်ရေးဝန်ကြီး ဂျိမ်းမတ်တစ်က တောင်ကိုရီးယားနဲ့ စီစဉ်ထားတဲ့ စစ်ရေးလေ့ကျင့်မှုတွေအားလုံးကို အမေရိကန်က ဆိုင်းငံ့တော့မှာ မဟုတ်ကြောင်း ပြောပြီးနောက်မှာ ထရမ့်က ဆန့်ကျင်ဖက် ပြောဆိုလာခဲ့တာပဲ ဖြစ်ပါတယ်။
တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ကိုရီးယားကျွန်းဆွယ်က စစ်ရေးလေ့ကျင့်မှုတွေဟာ ရန်စတာအဖြစ် ရှုမြင်ပြီး မြောက်ကိုရီးယားအတွက် စိတ်ဆိုးဒေါသထွက်စရာ ဖြစ်စေပါတယ်။
-Ref; AFP