မန်ယူနည်းပြရာထူးကို စိတ်ဝင်စားနေကြောင်း မိတ်ဆွေတွေကို ဇီဒန်းဖွင့်ဟ

ရီးရဲလ်နည်းပြဟောင်းဇီဒန်းက မန်ယူအသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း မိတ်ဆွေတွေကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

မန်ယူအသင်းအမှုဆောင်ဒု-ဥက္ကဋ္ဌအက်ဝုဒ်ဝပ်၊ ကွင်းလယ်လူ ပေါ့ဘာတို့နဲ့ အဆင်မပြေဖြစ်ခဲ့ပြီးနောက် နည်းပြ မော်ရင်ညိုဟာ မန်ယူအသင်းမှာ ကြီးမားတဲ့စမ်းသပ်မှုနဲ့ ရင်ဆိုင်နေရပါတယ်။ မော်ရင်ညိုအနေနဲ့လည်း မန်ယူအသင်းမှာ လက်ရှိပြဿနာတွေကို ရပ်တန့်ဖို့ကြိုးစားချိန်မှာ လာမယ့် တနင်္လာနေ့မှာလည်း စပါးကို အိမ်ကွင်းမှာ အရေးကြီးပွဲ ကစားသွားရမှာပါ။ မန်ယူအသင်းကတော့ နည်းပြမော်ရင်ညိုကို ထောက်ခံကြောင်း တရားဝင်ထုတ်ပြန်ထားပြီး ဇီဒန်းကို အစားထိုးခန့်အပ်ဖို့ ဆက်သွယ်နေတယ်ဆိုတဲ့ သတင်းတွေကိုလည်း ငြင်းဆိုထားပါတယ်။ အခုတစ်ပတ်အစောပိုင်းမှာ မန်ယူအတွင်း လူတစ်ဦးက “ရာထူးလစ်လပ်မှုမရှိဘဲ ကျွန်တော်တို့ ဘာကြောင့် ဇီဒန်းနဲ့ ဆွေးနွေးရမှာလဲ”လို့ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့်လည်း မန်ယူတာဝန်ရှိသူတွေကတော့ နည်းပြမော်ရင်ညို ရဲ့အနာဂတ် မရေမရာ ဖြစ်နေချိန်မှာ အရေးပေါ်အစီအစဉ်လုပ်ဆောင်ဖို့ လိုအပ်တယ်လို့ ယုံကြည်နေကြပါတယ်။ ဒီအချိန်မှာ ရီးရဲလ်နည်းပြဟောင်း ဇီဒန်းကလည်း သူ့အနေနဲ့မန်ယူနည်းပြရာထူးအတွက် အလားအလာရှိသူစာရင်းမှာ ထိပ်ဆုံးကပါဝင်နေတယ်လို့ ယုံကြည်နေပြီး မန်ယူအသင်းကို ကိုင်တွယ်ဖို့ စိတ်ဝင်စားနေတယ်လို့လည်း မိတ်ဆွေတွေကို ပြောကြားခဲ့တယ်လို့ Daily Mail က ဖော်ပြခဲ့ပါတယ်။

ဇီဒန်းဟာ ရီးရဲလ်အသင်းကို ကိုင်တွယ်ခဲ့စဉ်က လာလီဂါဖလား(၁)ကြိမ်၊ ချန်ပီယံလိဂ်ဖလား(၃)ကြိမ်နဲ့ ဖီဖာကလပ် ကမ္ဘာ့ဖလား (၃)ကြိမ် ရရှိခဲ့သူဖြစ်ပါတယ်။

-Ref; Sky sports