ပြည်သူကိုရိုက်တဲ့ ပါကစ္စတန် လွှတ်တော်အမတ် တာဝန်က ရပ်ဆိုင်းခံရ

ပါကစ္စတန်နိုင်ငံတောင်ပိုင်း ကရာချိမြို့မှာ လူတယောက်ကို ရွေးကောက်ခံအမတ်သစ်တယောက်က ရိုက်နှက် နေတဲ့ ဗွီဒီယို ကွန်ပျူတာအွန်လိုင်းမှာ တွေ့ရတဲ့နောက် ဝန်ကြီးချုပ်ဖြစ်မယ့် Imran Khan ရဲ့ Tahreek-e-Insaf ပါတီက အဲဒီအမတ်ကို တာဝန်က ဆိုင်းငံ့လိုက်ပါတယ်။ ခရစ်ကက်သမားဟောင်းဘဝက နိုင်ငံရေးသမားတဖြစ်လဲ Imran Khan ရဲ့ ပါတီဟာ ဒီလို ကျူးလွန်မှုတွေကို ပြင်းပြင်းထန်ထန်အရေးယူမယ့် အစီစဉ်ရှိတာ ပြသဖို့ ရည်ရွယ်တာလို့ သတင်းက ဖော်ပြပါတယ်။ အဂတိလိုက်စားမှုကို တိုက်ဖျက်ပြီး အားလုံးအတွက် တရားမှတမှု ရှိစေရမယ်လို့ မဲဆွယ်ချိန်တုန်း Imran Khan က ကတိပေးခဲ့တာပါ။

ဇူလိုင် ၂၅ ရက်မှာကျင်းပတဲ့ ရွေးကောက်ပွဲမှာ သူ့ပါတီဟာ ပါလီမန်အမတ်နေရာ အများစုမှာ အနိုင်ရခဲ့ပါတယ်။

ဗွီဒီယိုမှာပါတဲ့ အမတ် Imran Shah ကို စစ်ဆေးမေးမြန်းနေပါတယ်။ လမ်းပေါ်က အသေးအဖွဲ မတော်တဆမှု အတွက် ဘယ်သူဘယ်ဝါမှန်း မသိရသူတယောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့မှုအတွက် အဲဒီအမတ်က ဒီလ ၁၅ ရက်နေ့မှာ လူသိရှင်ကြား တောင်းပန်ခဲ့ပါတယ်။  

-Ref; RFA