ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ မိသားစုဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ
ဝေါ၊ သြဂုတ် ၁၅
ပဲခူးတိုင်းဒေသကြီး ပဲခူးခရိုင် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမိသားစု ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၅ နာရီတွင် ကျင်းပသည်။
စုပေါင်းဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲတွင် ရှေးဦးစွာ ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယု၊ အတွင်းရေးမှူး ဦးသက်တိုးဝင်းနှင့် ပါတီကော်မတီဝင်များက နမောတဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး မြို့ပေါ်ကျောင်းပေါင်း၂ဝ မှ ဆရာတော်ကြီးများ သဒ္ဓမ္မပါလကျောင်းဆရာတော် ဦးဝေပုလ္လထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့ကြသည်။ ဆက်လက်၍ ဆရာတော်ကြီးများက အန္တရာယ်ကင်း ပရိတ်တရားတော်များကို ရွတ်ဖတ်သရဇ္ဈာယ်တော်မူခဲ့ကြသည်။
ထို့နောက် ဝေါမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌ ဦးမောင်ယုနှင့် ပါတီကော်မတီဝင်များက ဝေါမြို့ပေါ် ကျောင်းပေါင်း ၂ဝ၊ ပင့်သံဃာဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ် လှူဒါန်းကြပြီး လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချ အမျှအတန်းများ ပေးဝေခဲ့ကြောင်း သိရသည်။